ပူတာအို၊ အင်ခါးဂါးရွှေမှော်တွင် မှိုအဆိပ်သင့်၍ လူငယ်နှစ်ဦး သေဆုံးကာ၊ နှစ်ဦးစိုးရိမ်ရ
- Pajau Media

- Apr 12, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ အင်ခါဂါးရွှေမှော်မှ ရွှေလုပ်သားလူငယ်လေးဦးတို့မှာ ယမန်နေ့ ဧပြီလ ၁၁ရက်နေ့တွင် မှိုချက်စားရာမှ အဆိပ်သင့်၍ နှစ်ဦးသေဆုံးကာ နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
"မနေ့ကပဲ ရွှေမှော်မှာဖြစ်သွားတာ။ လေးယောက်စလုံးက လူငယ်လေးတွေပဲ၊ မှိုစားမှားလို့ ဖြစ်သွားတယ်၊ လေးယောက်ထဲမှာ နှစ်ယောက်က ဆုံးသွားပြီး၊ နှစ်ယောက်တော့ စိုးရိမ်အခြေအနေ ဖြစ်နေတယ်။ သူတို့လေးယောက်စလုံးက ရွှေလုပ်တဲ့ ကျင်းသားတွေဟုတ်တယ်။ ပုံမှန်အတိုင်းပေါက်တဲ့ မှိုနဲ့မှားပြီး ချက်စားမိတာကနေ အဆိပ်သင့်သွားကြတယ်" ဟု သေဆုံးသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောသည်။
အင်ခါဂါးရွှေမှော်မှ မှိုစားမှားကာ အဆိပ်သင့်သည့် ရွှေလုပ်သား လူငယ်များအနက် တစ်ဦးမှာ လုံရှာယန်ကျေးရွာမှဖြစ်ကြောင်း သိရပြီး တစ်ဦးမှာ တနိုင်းဘက်မှ ဖြစ်ကြောင်း သိရကာ၊ အသက်၂၀အောက်လူငယ်များသာ ဖြစ်ကြသည်ဟု ဆိုသည်။
စိုးရိမ်ရအခြေအနေဖြစ်နေသူ လူငယ်နှစ်ဦး၏ အခြေအနေကိုလည်း နောက်ထပ်ဒေသခံတစ်ဦးက ယခုလို ပြောခဲ့သည်။
"အခုကျန်တဲ့ နှစ်ယောက်စလုံးကလည်း အခြေအနေမကောင်းဘူး။ ဆေးရုံအမြန်ပို့ဖို့ကလည်း စက်လှေလမ်းတွေ အားလုံးပိတ်ထားတော့ မြန်မြန်ပို့ဖို့ကလည်း မဖြစ်နိုင်ဘူး။ ကုန်းလမ်းအတိုင်း ပို့ဖို့လုပ်နေကြတယ်။ တော်တော်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။”
ပူတာအိုမြို့နယ်ရှိ ဒေသခံများသည် ဧပြီလဆန်းပိုင်းတွင် ပေါက်သည့်မှို ကောက်စားမိ၍ အဆိပ်သင့်ကာ အသက်သေဆုံးသူမှာ နှစ်စဉ်နှစ်တိုင်း ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခုကာလအတွင်း ပေါက်သည့် မှိုမှာ အလွန်ပင်အန္တရာယ်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ်များတွင်လည်း ယခုလိုရာသီချိန်ပေါက်သည့် သဘာဝမှို ချက်စားမိရာမှ မိသားစုလိုက် သေဆုံးသွားသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးကြောင်း သိရသည်။
သတင်း - မလိခူး










Comments