top of page

ပိုမိုမြင့်တက်လာနေသည့် ကုန်ဈေးနှုန်းများကြောင့် ဒေသခံပြည်သူများ ခက်ခဲ၊ကြပ်တည်းလာသည်ဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁၊ ၈၊၂၀၂၄။



ree

ကချင်ပြည်နယ်သို့ အဓိကတင်ပို့သည့် မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးမှ ကုန်ပစ္စည်းတင်ကားများ အဝင်မရှိသည့် ၅ရက်ကြာပြီးနောက် မြစ်ကြီးနားမြို့တွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသောကြောင့် တစ်နေ့လုပ်တစ်နေ့စား ဝင်ငွေနည်းသည့် ပြည်သူများ ပိုမိုခက်ခဲလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


လက်ရှိမြစ်ကြီးနားမြို့တွင် လူအများစားသုံးကြသည့် ဆန်၊ဆား၊ဆီ၊ကြက်သွန် စသည့် ကုန်ဈေးနှုန်းများမှာ ယခင်ထက် နှစ်ဆ၊သုံးဆအထိ မြင့်တက်လာသည့် အခြေအနေတွင် တစ်နေ့လုပ်တစ်နေ့စား နေ့စားသမားများက ပိုမိုခက်ခဲလာသောကြောင့် တစ်နေ့တာ စားနပ်ရိက္ခာမဖူလုံသည့် အခြေအနေသို့ ရောက်ရှိလာပြီဟု မြစ်ကြီးနားမြို့မှ နေ့စားဖြင့်သာ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသည့် ဒေသခံတစ်ဦးက ပြောသည်။


“အခြေအနေတွေ ဒီလောက်မရှုပ်ထွေးခင် အချိန်တုံးကတော့ နေ့စားသွားလို့ရတဲ့ ဝင်ငွေနဲ့ဆိုလည်း နဲနဲအဆင်ပြေသေးတယ်။ အခု ကုန်ဈေးနှုန်းက တစ်နေ့တာ နေ့စားသွားလို့ရတဲ့ ဝင်ငွေနဲ့ ထမင်းတစ်နပ် ကျော်ဖြတ်ဖို့တောင် အရမ်းခက်ခဲသွားပြီ။ အခုချိန်ဆို မိုးရာသီအချိန်ကာလလည်းဖြစ်၊ နေ့စားအလုပ်သွားဖို့ နေရာကလဲ ရှားပါးလာတော့ ပိုလို့တောင် အဆင်မပြေဘူး။”


မြစ်ကြီးနားမြို့တွင် နေ့စားအလုပ် လုပ်ကိုင်သူများရရှိသည့် တစ်နေ့တာဝင်ငွေမှာ တစ်သောင်းကျပ်မှ တစ်သောင်းခွဲကျပ်အထိသာ ရရှိသည်ဟုဆိုသည်။


ကားလမ်းပိတ်ပြီးနောက်ပိုင်း ဆန်တစ်အိတ်လျှင် တစ်သိန်းခွဲကျပ်၊ ကြက်ဥတစ်ကဒ်လျှင် နှစ်သောင်းကျပ်၊ ငါးတစ်ပိသာလျှင် သုံးသောင်းခွဲကျပ်၊ အမဲသားတစ်ပိတ်သာလျှင် နှစ်သောင်းခွဲကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာလျှင် တစ်သောင်းခြောက်ထောင်ကျပ်၊ ဆီတစ်ပိသာလျှင် နှစ်သောင်းကျပ်နှင့် သွားတိုက်ဆေးတစ်ဗူးလျှင် ကိုးထောင်ကျပ်အထိ တိုးမြင့်သွားပြီး၊ ငါးနှင့်အခြားကုန်ပစ္စည်းများမှာ စတင်ပြတ်လပ်လာသလို လေကြောင်းမှတင်ပို့သည့် ငါးကြင်းငါးတစ်မျိုးသာ ဈေးကြီးပေး ဝယ်ယူနေရသည်။


အလားတူ ဆီဘောက်ဆာကားများပါ အဝင်မရှိသောကြောင့် လက်ရှိ ဓါတ်ဆီပန့်ဆိုင်ကြီးများတွင် စက်သုံးဆီတစ်လီတာလျှင် ၆,၅၀၀ကျပ်မှ ၆,၈၅၀ကျပ်နှင့် လမ်းဘေးဆီပန့်ဆိုင်အသေးများမှာတော့ တစ်လီတာကို ၇,၁၀၀ကျပ်မှ ၇,၅၀၀ကျပ်အထိ မြင့်တက်နေပြီး၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေဈေးနှုန်းသတ်မှတ်ချက်မှာ ၄၈သိန်းသာ ရှိပေမယ့်၊ ဈေးကွက်အတွင်း ရောင်းဈေးမှာတော့ ၇၄သိန်းအထိ မြင့်တက်နေဆဲဖြစ်သည်။


နိုင်ငံရေးအခြေအနေများကြောင့် သွားလာရေးနှင့် ဖုန်းအဆက်အသွယ်များခက်ခဲသည့်အပြင် ကုန်ဈေးနှုန်းပါ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးမြင့်လာနေချိန် နေ့စားသမား အပါအဝင် ဒေသခံပြည်သူများမှာ အဘက်ဘက်မှ ခက်ခဲကြပ်တည်းလာပြီး၊ ကုန်ပစ္စည်းတင်ပို့သည့် အဓိကမိန်းလမ်းမကြီးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်နေ့တွင် စစ်တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page