ပင်လုံကျေးရွာအနီး တိုက်ပွဲဖြစ်၊ ပြင်းပြင်းထန်ထန် စစ်ဆေးနေ
- Pajau Media

- Aug 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ ဩဂုတ်၊ ၂၀၂၅။

မိုးကောင်းမြို့နယ်၊ ပင်းဘောတိုက်နယ်၊ ပင်းဘောစံပြကျေးရွာနှင့် နှစ်ဖာလုံခန့်သာဝေးသော ပင်လုံကျေးရွာတွင် စစ်ကောင်စီ၊ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းနှင့် KIA/PDFပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းတို့ ထိတွေ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကုန်းတန်းကြီးဒေသခံတစ်ဦး ပြောပြချက်မှ သိရသည်။
''ညနေ ၅ နာရီလောက်ကနေ စဖြစ်တာ နှစ်နာရီ နီးပါးလောက်ကြာတယ်။ အဘွားက အသက်လည်းကြီးပြီလေ ၈၀ ကျော်နေပြီ။ ပြေးလည်းမပြေးနိုင်တော့ဘူး။ ပင်လုံဆိုတော့ နီးတယ်လေ။ တိုက်ပွဲဖြစ်တာ အတိုင်းကြီးကြားနေရတာ။ နှစ်ဖက်စလုံးက တစ်နိုင်ငံသားတွေပါဘဲကွယ်။ ဘယ်ဘက်ကမှ အထိအခိုက်မဖြစ်စေချင်ဘူး။ အကြီးအကျယ်ဖြစ်လာခဲ့လျှင် ဘယ်ပြေးရမလဲ? ဆိုပြီးတစ်ညလုံး အိပ်လို့လည်းမပျော်ဘူး။ ည ၈ နာရီလောက် ဆိုရင်တော့ အသံက တိတ်သွားတယ်။” ဟု ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်ကဖြစ်ပြီး၊ နောက်နေ့မှစကာ ပင်းဘောရဲစခန်းဂိတ်တွင် လမ်းသွားလမ်းလာ ပြည်သူများကို အစစ်အဆေး ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြကြောင်း သိရသည်။
ပင်လုံ-ပင်းဘော-ကုန်းတန်းကြီးကျေးရွာများမှာ ရွာချင်းဆက် တည်ရှိသော ကျေးရွာများဖြစ်ပြီး၊ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်တွင်ရှိသော ကျေးရွာများလည်း ဖြစ်ကြသည်။
သတင်း - ထိန်နိုင်




Comments