top of page

ပန်ဝါနှင့်ဖီမှော်မြို့တို့တွင် ကုန်ဈေးနှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 16
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊ဇန္နဝါရီ၊၂၀၂၅။



ree

ကချင်ပြည်နယ်၊တရုတ်-မြန်မာနယ်စပ် ဖီမှော်မြို့တွင် ကုန်သွယ်ရေးဂိတ်အား ပုံမှန်ဖွင့်ထားသော်လည်း တရုတ်ဘက်မှ ကုန်စည်တင်သွင်းမှုမရှိဘဲ မြစ်ကြီးနား-ဝိုင်းမော်ဘက်မှ သာ သယ်ယူနေရသောကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေပြီး ဝယ်ယူစားသောက်ရန်ပင် ခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။


“ဂိတ်ကဖွင့်တယ်။ ပစ္စည်းတွေက မဝင်ဘူး။ ခုလောလောဆယ်တော့ မြစ်ကြီးနားကနေ သယ်ပြီး စားသုံးနေရတယ်။ သတ္ထုဆိုက်တွေကလည်း အကုန်ပိတ်ထားတော့ အလုပ်ကရှားတယ် ဝင်ငွေလည်းမရှိ၊ အမြဲတန်းဝယ်စားဖို့က အဆင်မပြေဘူး” ဟု ဖီမှော်ဒေသခံတစ်ဦးက ပြောသည်။


တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များအနက် ပန်ဝါနှင့်ဖီမှော်ဂိတ်တို့ကို လက်ရှိ ပုံမှန်ဖွင့်ထားသော်လည်း ကုန်ပစ္စည်းနှင့် စက်သုံးဆီအဝင်မရှိကြောင်းနှင့် ပန်ဝါဂိတ်၌ မြေရှားသတ္ထုတူးဖော်သည့် အလုပ်သမားများကိုသာ အဝင်အထွက်ပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။


ထို့ကြောင့် ပန်ဝါမြို့နှင့် ဖီမှော်မြို့ ဒေသခံများမှာ စက်သုံးဆီအပြင် အချို့ကုန်ပစ္စည်းများကို မြစ်ကြီးနားဘက်မှ သယ်ယူနေရကာ၊ စက်သုံးဆီကို ဝိုင်းမော်(၅၈)တပ်ဂိတ်မှ ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကွင်းလမ်းမှ ခက်ခက်ခဲခဲ သယ်ယူနေရသဖြင့် ဓာတ်ဆီတစ်လီတာအား တရုတ်ငွေ ယွမ်(၅၀)မှ (၆၀)ကြားရှိပြီး မြန်မာကျပ်ငွေအားဖြင့် သုံးသောင်းမှ သုံးသောင်းကျော်နီးပါး ကျသင့်နေကြောင်းသိရသည်။


ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ တရုတ်ဘက်မှ ကုန်စည်တင်သွင်းခွင့် မပြုခြင်းနှင့် ဝိုင်းမော်၊ မြစ်ကြီးနားဘက်မှ သယ်ယူရာတွင်လည်း လမ်းခရီး အခက်အခဲကြောင့်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။


ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ပန်ဝါမြို့အား ထိုးစစ်ဆင်တိုက်ခိုက်လာချိန် တရုတ်ဘက်မှ ကုန်သွယ်ရေးဂိတ်များအား ပိတ်ပင်ခဲ့ပြီး အောက်တိုဘာ၁၈ရက်နေ့တွင် ပန်ဝါမြို့ကို KIAက သိမ်ပိုက်နိုင်ခဲ့ပြီး၊ ယင်းအချိန်မှစပြီး စက်သုံးဆီများ ဝင်ရောက်မှုမရှိတော့ကြောင်း သိရသည်။


ထို့အပြင် KIOအုပ်ချုပ်မှုဖြင့် ဖီမှော်မြို့၊ ပန်ဝါမြို့၊ကန်ပိုင်တီမြို့ စသည့်ဒေသများကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများအား စနစ်တကျ ဖွဲ့စည်းထားပြီး အုပ်ချုပ်မှုကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page