top of page

ပန်ဝါမြို့စောင့်တပ်ဖြစ်သည့် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Oct 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်အထူးဒေသ(၁)၊ ပန်ဝါဒေသ လုပြည်ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် ၁၀၀၂တပ်ရင်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ၁၄ရက်နေ့ ည၆နာရီဝန်းကျင်အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


အဆိုပါ နယ်ခြားစောင့်တပ် ၁၀၀၂တပ်ရင်းကို အောက်တိုဘာ၉ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ ယမန်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။


လုပြည်ကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ တစ်ပတ်နီးပါးအထိ ကြာမြင့်လာခဲ့သောကြောင့် ယင်းဒေသရှိ ပြည်သူများမှာ မိမိလုံခြုံသည့် နေရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။


KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် လုပြည်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် ၁၀၀၂တပ်ရင်းမှာ ပန်ဝါမြို့နှင့် ၁၁မိုင်အကွာတွင် တည်ရှိပြီး၊ အိမ်ထောင်စု (၅၀)အောက်သာ ရှိသည့် ကျေးရွာငယ်တစ်ခုလည်း ဖြစ်သည်။


ဒေသခံများ ပြောဆိုချက်အရ လုပြည်ကျေးရွာတွင် အထိုင်ချထားသည့် ၁၀၀၂ တပ်ရင်းသည် ပန်ဝါမြို့ကို အဓိကလုံခြုံရေးပေးနေသည့် ပန်ဝါမြို့စောင့်တပ်ရင်းတစ်ခုဖြစ်ပြီး၊ ပြည်သူ့စစ်၏ တပ်ရင်း၃ခုမှ တပ်ရင်းချုပ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။


နယ်ခြားစောင့်တပ် ၁၀၀၁တပ်ရင်းသည် ဖီမှော်ကျေးရွာတွင် အခြေစိုက်ပြီး၊ ၁၀၀၃တပ်ရင်းမှာ ကံပိုင်တည်မြို့တွင် အခြေစိုက်ကာ လက်ရှိ ပြည်သူ့စစ်မှ တပ်သားသစ်စုဆောင်းရေး အပူတပြင်းလုပ်ဆောင်နေကြောင်းသိရသည်။


လက်ရှိ ပန်ဝါဒေသအတွင်း စစ်ကောင်စီမှ စစ်အင်အားတိုး လှုပ်ရှားနေဆဲ ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက် နယ်ခြားစောင့်ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page