top of page

ပန်ဝါမြို့တွင် လျှပ်စစ်မီး ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်ပြီး ဒေသခံများထင်းမီးကိုသာအသုံးပြုနေရ

  • Writer: Pajau Media
    Pajau Media
  • Nov 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊နိုဝင်ဘာ၊၂၀၂၄။



တရုတ်အစိုးရမှ လျှပ်စစ်မီးဖြတ်တောက်ထားသည့် ပန်ဝါမြို့တွင် ယခုအချိန်အထိ မီးမရရှိသေးသည့်အတွက် ထင်းမီးများကိုသာ အဓိကထား အသုံးပြုနေရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


"တိုက်ပွဲ ဖြစ်တဲ့နေ့ကတည်းက မီးပျက်တာ အခုချိန်ထိပဲ၊ ဒီနေ့ဆို နိုဝင်ဘာ၈ရက်တောင်ရှိနေပြီ မီးကမလာသေးဘူး ဘယ်ချိန်ပြန်ပေးမလဲလည်း မသိပါဘူး။ ဒေသခံတွေက ထင်းမီးကိုပဲ အသုံးပြုနေကြတာ။” ဟု ပန်ဝါဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ပန်ဝါဒေသခံများမှာ တရုတ်အစိုးရမှ လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း ဒေသခံအများစုက ထင်းမီးကိုသာ အဓိထား အသုံးပြုနေကြသလို အချို့က ဘုရားကျောင်းများတွင် မီးစက်နိုးချိန် ဖုန်း၊ ဓာတ်မီး၊ ပါဝါဘန့်များ အားသွင်းထားရပြီး၊ ငွေကြေးတတ်နိုင်သူများမှာ ကိုယ်ပိုင်မီးစက်ဖြင့် အသုံးပြုနေကြသည်ဟု ဆိုသည်။



“ကျနော်တို့က မီးစက်နဲ့ဘဲ နှစ်ပါးသွားနေရတယ်၊ တော်တော်များများက ဘုရားကျောင်းတွေမှာ မီးစက်နိုးတော့ ဘုရားကျောင်းမှာဘဲ ဖုန်းအားသွားသွင်းကျတယ်၊ တစ်ချို့တွေကတော့ အိမ်မှာမီးစက်ရှိတော့ အဆင်ပြေတာပေါ့။ စက်သုံးဆီက ဈေးကြီးတော့ ဘာဘဲဖြစ်ဖြစ် ချွေတာပြီး အသုံးပြုနေရတယ်" ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့တွင် KIAပူးပေါင်းတပ်ဖွဲ့များက ပန်ဝါမြို့ရှိ ဗျူဟာကုန်း၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနှင့် နယ်ခြားစောင့်တပ်စခန်းများကို ထိုးစစ်ဆင်ပြီး မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပန်ဝါမြို့ကို သိမ်းပိုက်ပြီးနောက်နေ့ အောက်တိုဘာ၁၉ရက်မှစ၍ တရုတ်အစိုးရက ပန်ဝါမြို့ကို လျှပ်စစ်မီးများအားလုံး ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။


တစ်ဖက်မှာလည်း တရုတ်ဘက်က လျှပ်စစ်မီးများကို ပိတ်လိုက်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး အားလုံးကိုလည်း ပိတ်လိုက်သောကြောင့် စက်သုံးဆီဈေးနှုန်းမှာ မြင့်တက်သွားသဖြင့် ယခုထက် ရက်ရှည်ကြာမြင့်လာပါက ဒေသခံများအတွက် အခက်ကြုံလာနိုင်သည်ဟု ဆိုသည်။


 လက်ရှိ ပန်ဝါမြို့တွင် စက်သုံးဆီ၁.၂၅လီတာ (ဆန်းကစ်ဘူးကြီး)တစ်ဘူးကို တရုတ်ငွေ ယွမ် (၅၀¥)၊ ကျပ်ငွေဖြင့် သုံးသောင်းခွဲခန့် ပေးဝယ်နေရကြောင်း သိရသည်။


KIO/KIA အနေဖြင့်လည်း အုပ်ချုပ်ရေးယန္တရားပိုင်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်များအား ပြန်လည်ဖွင့်လှစ်သွားနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။


သတင်း- ညွယ်


Comments


Pajau Media

Thanks for subscribing!

bottom of page