top of page

ပန်ဝါမြို့ ဒေသခံများအား KIOအုပ်ချုပ်ရေးလမ်းစဉ်အောက်မှ အိမ်ထောင်စုအပြင် နယ်စပ်ကူးလက်မှတ် နှင့် လမ်းခရီးအဆင်ပြေစေရန် ချီဖွေ-ပန်ဝါသွား ကားလမ်းများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေ

  • Writer: Pajau Media
    Pajau Media
  • Jan 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဇန္နဝါရီ၊၂၀၂၅။



KIAသိမ်းပိုက်အုပ်ချုပ်ထားပြီဖြစ်သည့် ပန်ဝါမြို့ ဒေသခံများအား KIOအုပ်ချုပ်ရေးလမ်းစဉ်အောက်မှ အိမ်ထောင်စုအပြင် နယ်စပ်ကူးလက်မှတ် စာအုပ်အနီနှင့် လမ်းခရီးအဆင်ပြေစေရန် ချီဖွေ-ပန်ဝါသွား ကားလမ်းများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေသည်ဟု ပန်ဝါဒေသခံများက ပြောသည်။


“KIAက စည်းကမ်းကြီးတယ်လေ။ ဘရမ်းဘတာမကြိုက်ဘူး။ ခုပန်ဝါမှာ ဆိုင်ကယ်စီးရင်တောင် ဦးထုပ်ဆောင်းရတယ်၊ မဆောင်းရင်ဖမ်းတယ်။ အိမ်ထောင်စုလည်း KIAဘက်က အသစ် လုပ်ပေးပြီးသွားပြီ။ ဧည့်စရင်းတိုင်ရင်တောင် ဓာတ်ပုံနဲ့တကွ တိုင်ရတယ်။ မူဘောင်တွေအကုန် ပြောင်းသွားပြီ“ ဟု ဒေသခံတစ်ဦးက ပြောသည်။


တစ်ဖက်တွင်လည်း ပန်ဝါ-ချီဖွေသွား လမ်းခရီးသွားလာရေး အဆင်ပြေစေရန် နိုင်လွန်ကတ္တရာလမ်း ခင်းပေးသွားမည်ဖြစ်ပြီး မကြာမှီတွင် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ပြောသည်။



“ခုချီဖွေနဲ့ ပန်ဝါမြို့ကြားကို နိုင်လွန်ကတ္တရာ ခင်းပေးတော့မယ်။ တရုတ်အလုပ်သမားတွေကို ကန်ထရိုက်ပေးလိုက်ပြီတဲ့။ မကြာခင် လုပ်ပေးမယ်လို့ပြောတယ်။ ဘာဖြစ်ဖြစ် ပြည်သူတွေအတွက် အကျိုးရှိတယ်လေ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ပန်ဝါမြို့သိမ်းပြီးကတည်းက ပန်ဝါမြို့မှ ပညာရေး၊ ကျန်းမာရေးနှင့် လူမူရေး အစရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားလုံးကို KIOအုပ်ချုပ်ရေးယန္တရားဖြင့် စတင်အုပ်ချုပ်လာခဲ့ပြီး၊ KIOဗဟိုကော်မတီမှလည်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ၂၈ရက်နေ့တွင် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ဗိုလ်ချုပ်ကြီးဂွမ်မော်၏ ဖေ့စ်ဘုတ်စာမျက်နာမှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။


ယင်းနောက် ပန်ဝါဒေသခံများအတွက် အိမ်ထောင်စုစာရင်းများကို အသစ်လုပ်ဆောင်ပေးခဲ့ပြီး၊ တရုတ်နယ်စပ် ဒေသခံများ နယ်စပ်ဂိတ်ကို သွားလာရေးအဆင်ပြေစေရန် နယ်စပ်ကူးလက်မှတ် စာအုပ်အနီကိုလည်း KIO၏စီစဉ်ဆောင်ရွက်မှုဖြင့် အပြည့်အဝတာဝန်ယူ လုပ်ဆောင်ပေးရန် ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။


KIA/KIOက ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို KIOဗဟိုကော်မတီက ပယ်ဖျက်ကြောင်း တရား၀င် ထုတ်ပြန်ကြေငြာပြီးနောက် အုပ်ချုပ်ရေးစနစ်များ စတင်အကောင်ထည်ဖော် ဆောင်ရွက်နေသည့်အပြင်၊ ပြည်သူများမှလည်း လက်ရှိ KIOအစိုးရ အုပ်ချုပ်မှုစနစ်အား ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ထင်ကြေးပေး ပြောဆိုနေကြသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page