ဖားကန့်ကျောက်စိမ်းကုမ္ပဏီအတွင်း စစ်ကောင်စီမှ အလုပ်လုပ်ချိန် သတ်မှတ်လိုက်ခြင်းကြောင့် ကျောက်စိမ်းရှာဖွေသူများ ခက်ခဲနေ
- Pajau Media

- Mar 7, 2024
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီများတွင် ဖေဖော်ဝါရီလ ၁၀ရက်ကျော်မှစပြီး စစ်ကောင်စီမှ လာရောက်စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်လာသည်ဟု ယင်းနေရာအတွင်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ကုမ္ပဏီဝင်းအတွင်း ရှာဖွေလုပ်ကိုင်နေသူတစ်ဦး ပြောပြချက်အရ ကုမ္ပဏီဝင်းအတွင်း ရှာဖွေစစ်ဆေးမေးမြန်းကာ ဖမ်းဆီးခေါ်ဆောင်သွားမှုများ မကြာခဏ လုပ်ဆောင်လာခြင်းနှင့် စစ်ကောင်စီမှ အလုပ်လုပ်ချိန် ကန့်သတ်လိုက်ခြင်းကြောင့် အလုပ်လုပ်ကိုင်ရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။
“အရင်ကဆို အလုပ်ကို ၂၄ နာရီလုပ်လို့ ရတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း စစ်ကောင်စီက အလုပ်ချိန်ကို ကန့်သတ်လိုက်တာ၊ ညဘက်မှာပဲ အလုပ်ကောင်းကောင်းလုပ်ခွင့်ရတယ်၊ ညမှာလုပ်ခွင့်ရတယ်ဆိုပေမဲ့ အမြဲလိုမဟုတ်ဘူး၊ တနေ့ညကရော စစ်တပ်က ကင်းလှည့်တာကြောင့် အလုပ်နားလိုက်ရတယ်၊ ကုမ္ပဏီ အထဲမှာလုပ်တာတောင် အဖမ်းအဆီးက ကြောက်ရတယ်၊ လွန်ခဲ့တဲ့အပတ်ကရော စဘော့မှော် ကုမ္ပဏီတစ်ခုမှာ စစ်တပ်က လာရောက်စစ်ဆေးပီး သူတို့ မသင်္ကာသူတွေကို ဖမ်းဆီးသွားတာတွေ ရှိတော့ အမြဲတမ်းစိုးရိမ်ရတယ်” ဟု ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံတွင် လုပ်ကိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက်ပိုင်း ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို နေ့ဘက်တွင် လုပ်ကိုင်ခွင့်မပြုတော့ဘဲ ညဘက်အတွင်းသာ လုပ်ကိုင်ကြရန် ပြောဆိုထားသည်ဟု ဆိုသည်။
ထို့ကြောင့် ကျောက်စိမ်းရှာဖွေသူများမှာ နေ့ဘက်အတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိသည့်အပြင် ညဘက်မှာလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်သားစုဆောင်းရေးကြောင့် အခုနောက်ပိုင်း အလုပ်လုပ်ကိုင်ရန် ပိုမိုခက်ခဲလာသည်ဟု ပြောသည်။
ထို့အပြင် ကျောက်ဝိုင်းအတွင်း ဓားပြတိုက်မှုဖြစ်စဉ်များ ပေါများကာ၊ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျရောက်လာသည့် လက်နက်စများကိုလည်း သတိထားနေရသည်ဟု ဆိုသည်။
“ကျောက်ဝိုင်းမှာ ဓားပြရန်လည်းသတိထားရတယ်၊ တိုက်ပွဲဖြစ်တဲ့အချိန်တွေဆို ဘယ်ဖက်က ပစ်လို့ပစ်မှန်းမသိတဲ့ လက်နက်ကြီး ကျတာတွေလည်းရှိတယ်၊ အဲလိုအချိန်တွေဆို စစ်ကောင်စီတွေ လုံခြုံရေးယူထားတာကြောင့် သွားလာရ ခက်ခဲတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ ကျောက်စိမ်းထွက်ရှိရာ နေရာဖြစ်သည့်အပြင် ကျောက်စိမ်းကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးသမားသေဆုံးမှုဖြစ်စဥ်များ မကြာခဏ ဖြစ်ပေါ်နေသည့်အပြင် တမြန်နေ့ နံနက် ၉ နာရီခန့်ကလည်း မနကျေးရွာတွင် တစ်သုံးလုံးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျပြီး အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ၄ ရက်နေ့ကလည်း မှော်စီစာကျေးရွာရှိ စွန့်ပစ်မြေစာပုံတွင် မြေစာသွန်ရာမှ ကျောက်ခဲထိမှန်ကာ အသက်၃၀ နှစ်ခန့်အရွယ်ရှိ ကိုအင်ဖန်းဆိုင်းအောင် ဆိုသူ သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း- ဟူးကောင်းသူ




Comments