top of page

ဖားကန့်-ကားမိုင်း-မိုးကောင်းကားလမ်း KIA မှ သွားလာခွင့်တားမြစ်

  • Writer: Pajau Media
    Pajau Media
  • Jun 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇွန်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဖားကန့်-ကားမိုင်း-မိုးကောင်းလမ်းမှ ခရီးသွားပြည်သူများနှင့် ကားများကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် KIAမှ သတိပေးတားမြစ်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ကားသမားများကို ဖြတ်သန်းသွားလာ ခွင့်ပြုနေဆဲဖြစ်သည်ဟု KIAနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။


“ကားသမားတွေလည်း စစ်ကောင်စီဘက်က သွားလို့ရပြီဆိုတာနဲ့ တက်လာကြတာ၊ ဟိုက သူတို့ကို ကင်းပုန်းရှိမရှိ မြေမြုပ်မိုင်းတွေရှိမရှိ ရှေ့ပြေးအနေနဲ့ မိုင်းရှင်းလွတ်နေမှန်းလည်းမသိ။ ဒေသခံတွေကိုလည်း လတ်တလောစစ်ရေး အခြေအနေနဲ့ ဖားကန့်လမ်းဘက် ခရီးမသွားဖို့ သတိပေးထားပြီးသားပဲ။ ဒါပေမဲ့ ခနခန လူသားဒိုင်းကာ လုပ်ခံရလည်း မကြောက်မလန့် ဆက်ပြီးသွားနေတုန်းပဲ” ဟု အထက်ပါ နီးစပ်သူက ပြောသည်။


ပြီးခဲ့သည့် မေလ၂၉ရက်နေ့တွင် စစ်ကောင်စီတပ်များက စစ်အင်အားအလုံးအရင်းဖြင့် မိုးကောင်း-ကားမိုင်းလမ်းအတိုင်း ဖားကန့်ဒေသသို့ စစ်ကြောင်းထိုးလာသောကြောင့် အဆိုပါကားလမ်းကို ပိတ်ပင်ထားလိုက်ခြင်းဖြစ်သည်။


ထို့အပြင် ဆက်၍စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့မှာလည်း ဖားကန့်-ကားမိုင်းလမ်းပိုင်းတွင် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများအား ဖြတ်သန်းသွားလာခွင့်မပြုဘဲ သတိပေးတားမြစ်ကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။


သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များက ဖားကန့်ဒေသသို့ ကားသမားများနှင့် ဒေသခံများကို သွားလာခွင့်ပြုကာ စစ်ကြောင်းများ ဆက်လက်ထိုးနေသည်ဟု ဆိုသည်။


လက်ရှိအချိန် ဖားကန့်ဒေသအတွင်း အပြန်အလှန် စစ်ရေးတင်းမာနေသောကြောင့် စစ်တပ်က အင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကားမိုင်းလမ်းကို လုံခြုံရေးအခြေအနေအရ ပိတ်ပင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။


နေ့စဉ် စစ်ကြောင်းလှုပ်ရှားကာ တိုက်ပွဲဖြစ်ပွားနေသည့် လုံးခင်း၊ မှော်စီစာဝန်းကျင်တွင် ယနေ့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page