top of page

ဖားကန့် ကားမိုင်းလမ်း နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးနေ

  • Writer: Pajau Media
    Pajau Media
  • Aug 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ သြဂုတ်လ၊ ၂၀၂၅




သြဂုတ် ၁၄ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်က ဖားကန့် - ကားမိုင်းလမ်းပေါ်ရှိ နန့်ယားကျေးရွာအနီး KIA/KPDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ခရီးသည်တင်ကားတစ်စီးအပေါ်တွင် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲသောကြောင့် ကားဆရာတစ်ဦးနှင့် ခရီးသည်တစ်ဦးအသက်ဆုံးရှုံးကာ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။


'ကားဆရာ ကိုကရင်လေးက ဗုံးကျကွဲတဲ့နေရာမှာတင်ဆုံးတာ၊ နောက်မှာပါလာတဲ့ခရီးသည်နှစ်ယောက်လည်းတစ်ယောက်က ခေါင်းထိသွားတယ် နောက်တစ်ယောက်က ပေါင်အရိုးကျိုးသွားတယ်၊ ခေါင်းထိထားတဲ့တစ်ယောက်က ဖားကန့်ရောက်တာနဲ့ဆုံးသွားတာ' ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။


သေဆုံးသွားသော ကားဆရာကိုကရင်လေးဆိုသူမှာ အသက် (၃၀) ခန့်အရွယ်ဖြစ်ပြီး ဖားကန့် မှမြစ်ကြီးနားအဆင်း နန့်ယားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဥ်များအားလုံးရပ်နားထားရစဥ် ကားပေါ်သို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲကာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားရခြင်းဖြစ်သည်။


နောက်ထပ်ဒေသခံတစ်ဦးမှလည်း 'ခရီးသည်တွေကော နန့်ယားဒေသခံတွေကော ဒရုန်းဗုံးထိလိုက် မိုင်းထိလိုက်နဲ့ တစ်ရက်တစ်ရက်ကြားရတာ စိတ်မကောင်းစရာတွေပဲ၊ အခု ရွာထဲက အများပိုင်းတော့ တောထဲစစ်ရှောင်သွားကြပြီ၊ အခြေအနေတွေက မတည်ငြိမ်သေးတော့ ရွာထဲပြန်ဝင်နေတာတွေ လမ်းဖွင့်ထားတယ်ဆိုပေမဲ့ အခုအချိန်ခရီးသွားတာမျိုးတွေ မလုပ်သေးရင်ကောင်းတယ်၊ ဘယ်အချိန်ဘာဖြစ်မလဲမသိတာမို့ သတိနဲ့နေတာတော့ အကောင်းဆုံးပဲ' ဟု ထပ်ပြောသည်။


အဆိုပါ ဖားကန့်-ကားမိုင်းလမ်းသည် လွန်ခဲ့သည့် သြဂုတ်လ ၂ရက်နေ့ခန့်ကမှ ကုန်တင်ယာဥ်၊ ခရီးသည်ယာဥ်များကို အတက်အဆင်းသွားလာခွင့်ပြုပေးထားခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page