top of page

ဖားကန့် - ကာမိုင်းသွားလမ်းပိုင်းကို အသုံးမပြုရန် ကားသမားများသတိပေး

  • Writer: Pajau Media
    Pajau Media
  • Aug 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ သြဂုတ်၊ ၂၀၂၅။



ဖားကန့် - ကာမိုင်းသွားလမ်းပိုင်းနေရာတွင် တိုက်ပွဲဖြစ်နေသောကြောင့် အဆိုပါလမ်းပိုင်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန် ကားသမားများက သတိပေးနေကြသည်။


ကားသမားတစ်ဦးက "အရေးမကြီးရင်တော့ မသွားတာပိုကောင်းတယ် စစ်တပ်ကစစ်ကြောင်းထိုးလာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က လက်နတ်ကြီးတွေ မိုင်းခွဲတာတွေလုပ်တော့ ထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေလည်းရှိတယ်" ဟု ပြောသည်။


 ဖားကန့် - ကာမိုင်းလမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၀ရက်နေ့ ကတည်းကစတင်ပြီး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး၊ မအူပင်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ မိုင်းအန္တရာယ်လည်း စိုးရိမ်ရသည်ဟု ဆိုသည်။


အဆိုပါကားလမ်းကို စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်း ရောက်ရှိလာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်နေသလို ဖားကန့်မှ အထွက်လမ်းပိုင်းမှာလည်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။


ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဖားကန့် - ကာမိုင်းလမ်းပိုင်းတွင် တိုက်ပွဲများရပ်တန့်နေရာမှ ယခုတကြိမ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။


တိုက်ပွဲဖြစ်နေသည့် ဖားကန့်ဒေသကို စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းအန္တရာယ်များမှ သတိပြုကြရန် (KIA)နှင့် KPDFတပ်ဖွဲ့များက သတိပေးထားသည်။


သတင်း-ဖရိန်း



Comments


Pajau Media

Thanks for subscribing!

bottom of page