top of page

ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်မှ ဂျက်ဖိုက်တာဖြင့်ထပ်မံဗုံးကြဲ

  • Writer: Pajau Media
    Pajau Media
  • Sep 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊စက်တင်ဘာလ၊၂၀၂၄။



စစ်ရေးတင်းမာကာ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်မှ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံဗုံးကြဲသွားကြောင်း ဒေသခံများထံမှ သိရသည်။


ယနေ့ စက်တင်ဘာလ ၁၆ရက် နေ့လည်၁၂နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ဗုံးကြဲသွားခဲ့ခြင်း ဖြစ်ပြီး၊ နံနက်အစောပိုင်းအချိန်တွင် Lucky Man ဟိုတယ်မှ ထွက်လာသည့် စစ်ကြောင်းနှင့် KIAပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖားကန့်မြို့နယ်အတွင်း အဆက်အသွယ်အားလုံး ဖြတ်တောက်ထားသောကြောင့် အထိအခိုက်နှင့် သေကျေပျက်စီးမှုများကို အတိအကျ မသိရသေးပေ။


ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ၄ရက်နေ့မှစ၍ စစ်ကြောင်းထိုးကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အပြင် ယနေ့အချိန်ထိ ၁၂ရက်မြောက်အဖြစ် စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်သည်။


နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရှိရပ်ကွက်များတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူများ၏ နေအိမ်အပျက်အစီးနှင့် လူထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်းနှင့် စစ်ကောင်စီတပ်များက Lucky Man ဟိုတယ်တွင် တပ်စွဲထားပြီး ပြည်သူများကို ဓားစာခံဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ အမြဲလုပ်ဆောင်နေသည်ဟု ဆိုသည်။


ထို့အပြင် စစ်တပ်မှာ ယခုရက်ပိုင်းအတွင်း ပြည်သူများ၏ နေအိမ်များကို မီးရှို့မှုအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page