top of page

ဖားကန့်-ဆိုင်းတောင်ဒေသ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ ၊၉ ၊၂၀၂၄။



ကချင်ပြည်နယ်၊ ဖားကန့်ဆိုင်းတောင်ကျေးရွာတွင် ကချင်လွှတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ တင်းမာနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အပြင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။


ယမန်နေ့ စက်တင်ဘာလ ၉ရက်နေ့အထိ ယူမာကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်က အင်အား၆၀ခန့်နှင့် ဆိုင်းတောင်ကျေးရွာသို့ စစ်ကြောင်းထိုးလှုပ်ရှားနေချိန် KIAတပ် နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ ယနေ့စက်တင်ဘာ၁၀ရက်နေ့အထိ ထပ်မံစစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ၇ရက်နေ့တွင်လည်း ဆိုင်းတောင်ကျေးရွာရှိ Lucky Man Hotel တွင် KIA နှင့် PDFများရှိသည်ဟုဆိုကာ စစ်ကောင်စီမှ ဝင်စီးတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့မှစပြီး ဆိုင်းတောင်အနီး ယူမာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ စစ်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။


ဒေသခံများ ပြောဆိုချက်အရ ဆိုင်းတောင်ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ တိုက်ပွဲပြင်းထန်နေသည်မှာ စက်တင်ဘာ၄ရက်နေ့ကတည်းကဖြစ်သဖြင့် ယနေ့အချိန်ထိ တစ်ပတ်ခန့် ကြာမြင့်လာပြီး၊ နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် အချို့ရပ်ကွက်များတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူများ၏ နေအိမ်အပျက်အစီးနှင့် လူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ဆိုသည်။


ထို့အပြင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ပစ်ခတ်ခြိမ်းခြောက်မှုများပါ ရှိနေပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သောကြောင့် ဆိုင်းတောင်ကျေးရွာ ဒေသခံများမှာ လုံခြုံသည့် ဘေးလွှတ်ရာနေရာသို့ ကိုယ်ထူကိုယ်ထ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page