top of page

ဖားကန့်-ဆိုင်းတောင် နှင့် မိုးမောက်ဒေသအတွင်း နှစ်ဖက်စစ်ရေး တင်းမာနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Sep 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊စက်တင်ဘာလ၊၂၀၂၄။



စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် တပ်စခန်းနေရာများကို ပြန်လည်ရယူရေး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် လက်ရှိ မိုးမောက်ဒေသနှင့် ဖားကန့်ဆိုင်းတောင်ဒေသတွင် နေ့စဉ်နေ့တိုင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။


ဖားကန့်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှုများ စတင်လာသည်မှာ စက်တင်ဘာ ၄ရက်ကတည်းကဖြစ်ပြီး၊ နေ့စဉ် မီးရှို့ဖျက်စီးမှုများရှိခဲ့ရာ စက်တင်ဘာလ ၁၆ရက်နေ့ နေ့လည်အချိန်တွင် ဆိုင်းတောင်ရပ်ကွက်(၃)နေရာသို့ လေယာဉ်ဗုံးဖြင့် ၂ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားသည့်အပြင် ညနေပိုင်းအချိန်တွင်လည်း ကျောက်သွေးတောင်အနီးဝန်းကျင်တွင် တစ်ကြိမ် ထပ်မံပစ်ခတ်သွားခဲ့ပြီး၊ တာမခန်ဘက်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟု ဆိုသည်။


စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ နောက်ထပ်(၅)ဦးမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဖားကန့်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ယင်းနေ့တွင် ကျောက်သွေးတောင်ဘက်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။


စစ်ရေးအရှိန်မြင့်မားနေသည့် ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်စီးမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်ပေါင်း ၂၀၀အထိ ရှိလာပြီဖြစ်ကြောင်း၊ စစ်တပ်နှင့်အတူ မီးရှို့ဖျက်စီးမှုကို ပူးပေါင်းလုပ်ဆောင်သည့် ဆေးသမားအယောက် ၂၀၀နီးပါးကိုလည်း KIA/KPDF ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီးထားပေမယ့် သက်သေမခိုင်လုံသေးပဲ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မူးကြီးနော်ဘူမှ ပြောကြားထားသည်။


အလားတူ မိုးမောက်ဒေသတွင်လည်း နေ့စဉ်ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ရက်နေ့တွင် မိုးမောက်ဒေသအခြစိုက်သည့် ခမရ (၄၃၇) တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်မှ ပြန်လည်ရယူနိုင်ရန် တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများကို ဩဂုတ်လ ၂၄ရက်နေ့မှစပြီး တစ်ဖန်ကြိုးစားလာကြောင်း သိရသည်။


ယင်းအချိန်မှစပြီး ယနေ့အချိန်အထိ မိုးမောက်ဒေသသို့ လေကြောင်းလိုင်းဖြင့်သော်လည်းကောင်း၊ ခြေလျှင်ဖြင့်သော်လည်းကောင်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့ရာ KIA မှစောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page