top of page

ဖားကန့်တွင် နှစ်ဖက်စစ်ရေးတင်းမာနေမှုကြောင့် ကျောက်တူးဖော်သည့်ကုမ္ပဏီကြီးအချို့ပါ လုပ်ငန်းရပ်နားထား

  • Writer: Pajau Media
    Pajau Media
  • Feb 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ထပ်မံတင်းမာလာပြီး၊ လေကြောင်းပျံဝဲ ပစ်ခတ်မှုများ ရှိလာသောကြောင့် အချို့ကျောက်တူးကုမ္ပဏီကြီးများပါ ခေတ္တရပ်နားထားကြောင်း ဒေသခံများထံမှ သိရသည်။


ကျော်တူးဖော်သူတစ်ဦးက “အခုက ကုမ္ပဏီတော်တော်များများက ပိတ်ထားကြရတဲ့ အထိပဲ။ အများစုက ရပ်နားထားကြတယ်။ စစ်ရေးပြန်လှုပ်ရှားလာတာရယ်၊ လေကြောင်းခဏခဏ လာပစ်တာတွေကြောင့် စိုးရိမ်ရလို့ ရပ်နားထားကြတာ။” ဟု ပြောပြသည်။


ဒေသခံများ ပြောဆိုချက်အရ ဇန္နဝါရီလဆန်းကတည်းက ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားမှုများ ထပ်မံလှုပ်ဆောင်လာခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုလည်း မကြာခဏ လာရောက်ပစ်ခတ်လေ့ရှိသောကြောင့် ကျောက်တူးဖော်သည့်ကုမ္ပဏီအချို့ ရပ်နားထားရသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ယမန်နေ့ဖေဖော်ဝါရီ၂၇ရက် နံနက်၅နာရီတွင်လည်း ဖားကန့်တပ်မကုန်းနေရာမှ အုပ်စုနှစ်ဖွဲ့ခွဲကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ပြီးနောက် ၅နာရီအကျာ်တွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် မော်တောင်း KIAဂိတ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲနေရာသို့ တပ်မကုန်းနေရာမှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့ကြောင်း သိရသည်။


ထို့အပြင် ဖေဖော်ဝါရီ၂၅ရက်နေ့တွင်လည်း တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်းလည်း သိရသည်။


လက်ရှိ ဖားကန့်ဒေသအတွင်း စစ်ကောင်စီနှင့် KIAတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ အပြန်အလှန်တင်းမာလာနိုင်ချေရှိပြီး၊ ပြီးခဲ့သည့် ဇန္နဝါရီလကတည်းကပင် သက်ဆိုင်သည့် အဖွဲ့အစည်းများက ဖားကန့်ဒေသခံများကို လုံခြုံရေးအတွက် လုံခြုံသည့်ကတုတ်ကျင်းများ တူးဖော်ပြင်ဆင်ထားရန် ကြိုတင်အသိပေးလှုံ့ဆော်ခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page