ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဝန်းကျင်ခန့် အသက်သေဆုံး
- Pajau Media

- Jul 21, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၁ရက်၊ဇူလိုင်လ၊၂၀၂၅။

ယနေ့ ဇူလိုင် ၂၁ရက်နေ့ မနက် ၆နာရီခွဲဝန်းကျင်အချိန်ခန့်က ဖားကန့်မြို့နယ်၊ မော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရာ အောင်သာယာ (၂) မှော်လုပ်ကွက်တွင် မြေစာပုံပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ အယောက် ၂၀ ဝန်းကျင်ခန့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ထိုပြိုကျသွားသောမြေစာပုံအဟောင်းမှာ မှော်စီစာကျေးရွာအနီးရှိ အောင်သာယာ (၂) မှော်လုပ်ကွက် (စိန်စိန်နှင့်ဂျတ်ပါဝါ ကုမ္ပဏီများ) အတွင်းမှ မြေစာပုံဖြစ်ကာ လက်ကျင်းတူး ရေမဆေးရှာဖွေသူများမြေစာပိကာ သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။
မျက်မြင်တစ်ဦး၏အဆိုအရ "ဒီဘက်ခြမ်းက အိမ်တစ်လုံးထဲမှာရှိနေတဲ့သူတွေကော၊ အောက်ကကျင်းထဲက လူတွေကော အားလုံးပေါင်း အယောက် ၂၀ ဝန်းကျင်လောက်ရှိတယ် ပိုရင်လည်းပိုလောက်တယ်။ အခုအချိန်ထိတော့ ပေါ်လာတဲ့ ၂ လောင်းပဲဖော်နိုင်သေးတယ်။" ဟု ဆိုသည်။
မြေစာပုံပြိုကျသည့် မနက်အချိန်မှစ၍ ယခုနေ့လည်အချိန်ထိ အထက်ပါ ရုပ်အလောင်း ၂ လောင်းကိုသာရှာဖွေဖော်ထုတ်နိုင်သေးကြောင်းသိရသည်။
ဖားကန့်ဒေသတွင် မိုးရာသီအချိန်ရောက်တိုင်း ကျောက်စိမ်းလုပ်ကွက်များ လုပ်ကွက်ဟောင်းများရှိ မြေစာပုံများပြိုကျကာ ရေမဆေးကျောက် ရှာဖွေသူများ မကြာခန မြေစာပိသေဆုံးခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။
သတင်း- အန်ဒီ




Comments