top of page

ဖားကန့်တက်ရန် တန်းစီစောင့်ဆိုင်းနေသည့် ကုန်ကားမှ ကုန်စိမ်းနှင့် အသား၊ငါးများ ပုပ်သိုးပျက်စီးသောကြောင့် စွန့်ပစ်နေရ

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ ဇူလိုင်၊ ၂၀၂၅။



တိုက်ပွဲများပြင်းထန်နေသည့် ဖားကန့်ဒေသတွင် စစ်ကောင်စီက ဇူလိုင် ၁၈ရက်နေ့မှစတင်ကာ မြို့အဝင်အထွက်လမ်းများ ပိတ်ပင်လိုက်ခြင်းကြောင့် လမ်းတွင်ပိတ်မိနေသော ကုန်တင်ကားမှ ကုန်စိမ်းနှင့် အသား၊ ငါးများ ပုပ်သိုးပျက်စီး၍ စွန့်ပစ်လိုက်ရကြောင်း သိရသည်။


လမ်းပိတ်ထားသည့် ရက်ကြာလာသောကြောင့် ဖြတ်သန်းခွင့်ရရန် တန်းစီနေသည့် ကုန်ကားပေါ်မှ အသား၊ ငါးနှင့် ကုန်စိမ်းများ ပုတ်သိုးပျက်စီးကုန်သဖြင့် စွန့်ပစ်လိုက်ရကြောင်း အင်းတော်ကြီးဒေသခံတစ်ဦးက ယခုလို ပြောသည်။


"ဒီဘက် ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းတွေမှာ ကုန်ကားတစ်ချို့ ပိတ်မိနေတာ၊ တစ်ချို့ နောက်ပြန်လှည့်လို့ရတဲ့သူတွေက နောက်ပြန်လှည့်သွားကြတယ်။ အဓိက ပိတ်ထားတဲ့ ကားလမ်းပိုင်းတွေက လုံးတုံဂိတ်နဲ့ နန့်မွန်းတောင်ဂိတ်တွေမှာဆိုတော့ ဖားကန့်ဘက်ကိုတက်လာတဲ့ ကုန်ကားတွေက ရက်ကြာပိတ်မိလာတော့ သူတို့ဆီမှာပါလာတဲ့ ဝက်တွေ၊ ကြက်တွေ သေတာများလာတယ်။ တချို့ငါးတွေနဲ့ ကုန်စိမ်းတွေဆို ပြောမနေနဲ့ ကောက်ကုန်းယူစရာတောင်မရှိဘူး အကုန်ပုပ်ကုန်ကြတာ" ဟု ပြောသည်။


ဖားကန့်မြို့ဘက်မှ ဆင်းလာသည့် အချို့ကားများမှာ စစ်တပ်က အခြေအနေကြည့် စစ်ဆေးကာ လုံးတုံဂိတ်တွင် နေ့ခင်းတစ်ချိန် ဖွင့်ပေးနေသော်လည်း အတက်ကားများကိုတော့ ဖြတ်သန်းခွင့်မပေးသောကြောင့် ကုန်ကားတွင်ပါလာသော ကုန်ပစ္စည်းများ ပုပ်သိုးပျက်စီးသွားရခြင်းဖြစ်ကြောင်း သိရသည်။


ဖားကန့်မြို့ထဲသို့ ကုန်စည်များ ပို့ဆောင်ရာ အဓိကလမ်းကြောင်း နှစ်ခုဖြစ်သည့် မြို့အရှေ့ဘက်ရှိ ဖားကန့်-ကာမိုင်းလမ်းနှင့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းများမှာ ပိတ်ခံထားရဆဲ ဖြစ်သည်။


ထို့ကြောင့် လက်ရှိ ဖားကန့်ဒေသ ကုန်ပစ္စည်းဈေးနှုန်းမှာ တစ်ဟုန်ထိုးမြင့်တက်နေပြီး၊ အချို့ကုန်ပစ္စည်းများမှာ ဈေးကြီးပေးဝယ်သော်လည်း ဝယ်မရသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဒေသခံများ ခက်ခဲနေရကြောင်း ထပ်မံသိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page