top of page

ဖားကန့်ဒေသ စစ်တပ်ဗုံးကျဲမှုကြောင့် အရပ်သား(၅)ဦး ထပ်မံထိခိုက်

  • Writer: Pajau Media
    Pajau Media
  • Aug 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ သြဂုတ်၊ ၂၀၂၅။



ဖားကန့်ဒေသတွင် ဩဂုတ် ၁၈ရက်နေ့ နံနက် ၁၀နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ဒရုန်းဖြင့် ပြည်သူများရှိရာနေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


'7 Star ကုမ္ပဏီ နားမှာ ၁ လုံးကျတယ်၊ ဘဇံချောက်အဝင်နားမှာ ၁ လုံးကျတယ် ပြီးတော့ ဆိုင်းတောင်ဘက်မှာ ၂ လုံးကျတယ်၊ ပြည်သူ (၄) ဦး ထိတယ်။" ဟု ဒေသခံတစ်ဦးမှ ပြောသည်။


ယမန်နေ့တစ်ရက်ထဲ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်ကလည်း မရှီကထောင် ထုံးဘိုရပ်ကွက်တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူတစ်ဦး ထပ်မံထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။


"မရှီကထောင်ဘက်မှာလည်းကျတယ်ပြောတယ် မရှီကထောင် ထုံးဖိုရပ်ကွက်တံတားနားမှာကျတာ၊ အဲ့မှာထိသွားတဲ့ အမျိုးသမီးကိုတော့ ဆေးရုံပို့လိုက်ပြီ' ဟု အထက်ပါက ဆက်ပြောသည်။


ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သွားသော ဒေသခံများမှာ အသက် ၈၅ နှစ်အရွယ် ဒေါ်မြကြည်၊ အသက် ၄၈ နှစ်အရွယ် ဒေါ်အေးအေးခိုင်၊ အသက် ၁၅ နှစ်အရွယ် မမေကြယ်ဇင်၊ ကုမ္ပဏီဝန်းထဲရှိ အမျိုးသားတစ်ဦး နှင့် ထုံးဘိုရပ်ကွက်ရှိ အမည်မသိပြည်သူတစ်ဦးတို့ဖြစ်ကြပြီး လက်မောင်း၊ ပေါင်၊ ညာလက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သို့ လက်နက်စထိမှန်ကာထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။


ဖားကန့်မြို့အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင်းစစ်ရေးပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများ စုဝေးနေထိုင်ရာ ဒေသများသို့လည်း ဒရုန်းဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ အစဥ်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page