ဖားကန့်ဒေသ စစ်ရေးအရှိန် တင်းမာလာပြီး ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက်မှုရှိနေ
- Pajau Media

- Apr 21
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ဧပြီ၊၂၀၂၆။

ဖားကန့်ဒေသတွင် စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေသောကြောင့် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ၁၉ရက် နံနက်၈နာရီ၃၀မိနစ်ခန့်တွင် ဖားကန့်မြို့ဘက် စစ်ကော်မရှင်တပ်ဖွဲ့နှင့် လီဆူပြည်သူ့စစ်၊ ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်းထိုးချီတက်လာရာ KIAပူးပေါင်းတပ်ဖွဲ့မှ မှော်ဆီစာဝန်းကျင်အရောက်တွင် ခုခံတိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သည့်အပြင် လုံးခင်းကျေးရွာနှင့် မလန်းကျေးရွာဝန်းကျင်တွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး၊ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူ များခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်ဖွဲ့မှ ထိုးစစ်ဆင်စစ်ကြောင်းထိုးနေစဉ် လုံးခင်းကျေးရွာတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကော်မရှင်က စစ်ဆေးမေးမြန်း ဖမ်းဆီးခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုတွင် ပြည်သူများ၏ ပိုက်ဆံ၊ ကျောက်စိမ်း၊ လက်စွပ်နှင့် ဖုန်း စသည့်ပစ္စည်းများကို စစ်ဆေးသိမ်းယူပေးသည့်အပြင် မသင်္ကာသည့်ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် KIAပူးပေါင်းတပ်ဖွဲ့များမှာ ဧပြီလဆန်းကတည်းက ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် တစ်ဖန်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်ဘက်က ဖားကန့်ဒေသကို တစ်ဖန်ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments