ဖားကန့်ဒေသ တိုက်ပွဲပြန်လည် ပြင်းထန်ပြီး စစ်တပ်မှ လက်နက်ကြီးပစ်ကူနေ
- Pajau Media

- 11 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂ရက် ဧပြီ ၂၀၂၆။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့နံနက်အစောပိုင်းအချိန်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြန်လည်ပြင်းထန်ဖြစ်ပွားနေကာ စစ်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမနက် အစောကြီးကတည်းက သေနတ်သံတွေ လက်နတ်ကြီးပေါက်ကွဲသံတွေ အရမ်းကြားရတယ် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့လည်းကြားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
ယနေ့ ဧပြီ ၂ ရက်နေ့မှစပြီး ဖားကန့်မြို့နယ်ရှိ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဖားပြင်၊ ယူမာကျေးရွာနှင့် မရှိကထောင်ရပ်ကွက်ဘက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်က ဖားကန့်ဗျူဟာကုန်းအပါအဝင် လက်နက်ကြီးတပ်ဆင်ထားသည့် နေရာများမှ ရမ်းသမ်းပစ်ကူနေကြောင်း သိရသည်။
စစ်တပ်က ယခုလို ဒရုန်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် နေအိမ်များ ထိခိုက်ပျက်ဆီးမှုရှိနေသည့်အပြင် အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှု ရှိနေကြောင်း သိရသည်၊
ဖားကန့်တွင် ယခုရက်ပိုင်း စစ်ရေးအခြေအနေငြိမ်သက်ခဲ့သော်လည်း ယနေ့မှစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ပြည်သူများ သတိထားသွားလာနေထိုင်ကြရန် KIAပူးပေါင်းတပ်များက သတိပေးထားသည်။
သတင်း-ဖရိန်း




Comments