ဖားကန့်ဒေသ နေ့စဉ်လေကြောင်းဗုံးကြဲမှု ရှိနေပြီး၊ ပြည်သူထိခိုက်သေဆုံးမှုလည်း ရှိနေ
- Pajau Media

- 34 minutes ago
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“စစ်တပ်ရဲ့ လေကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ နေ့တိုင်းနီးပါး ရှိနေတော့ ပြည်သူတွေက ထိခိုက်တာလည်းရှိတယ်။ သေဆုံးတဲ့သူတွေလည်းရှိနေတယ်”ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်များကို သတိထား သွားလာနေထိုင်ကြရန်နှင့် လေကြောင်းပစ်ခတ်ချိန် လမ်းပေါ်ထွက်ကြည့်ခြင်းမျိုး မလုပ်ကြရန် သတိပေးထားသည်။
ဖားကန့်တိုက်ပွဲသည် ပြီးခဲ့သည့် ဇန္နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ပြန်လည်ပြင်းထန်လာပြီး စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသလို စစ်တပ်ဘက်ကလည်း လူနေရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အပြင် ဝိုင်းမော်၊ ဗန်းမော် နှင့် တစ်ချို့ဒေသများတွင်လည်း နှစ်ဖက် စစ်ရေးအရှိန် မြင့်တင်နေဆဲဖြစ်သည်။
သတင်း-ဖရိန်း




Comments