ဖားကန့်ဒေသ ရှရော်ခကျေးရွာ ရဝမ်ကုန်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ၂ဦးဒဏ်ရာပြင်းထန်
- Pajau Media

- Aug 14, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ သြဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ရှရော်ခကျေးရွာ၊ ရဝမ်ကုန်းတွင် ယနေ့ဩဂုတ် ၁၄ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်ခန့်က ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
'စစ်ကောင်စီဘက်က ပြည်သူတွေရှိတဲ့ဘက် ရည်ရွယ်ချက်ရှိရှိ ဒရုန်းဗုံးကြဲချပေးတာ၊ လူတွေ ၅ ယောက်လောက် ထိသွားပြီ' ဟု မျက်မြင်ဒေသခံတစ်ဦးမှ ပြောသည်။
ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများမှာ အသက်(၁၆)နှစ်အရွယ်ရှိ မောင်ထန်ရှမ်းခိုင်၊ အသက်(၅၂)နှစ်အရွယ်ရှိ ဦးဝင်းနိုင်၊ အသက်(၅၆)နှစ်အရွယ် ဦးရဲနိုင်၊ အသက်(၅၇)နှစ်အရွယ် ဦးထူးကျော်နှင့် အသက်(၅၀)နှစ်အရွယ် ဦးတင်ထွဋ်တို့ ဖြစ်ကြပြီး၊ ခါး၊ ပေါင်၊ ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့ အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု ဆိုသည်။
ဖားကန့်ဒေသသည် ယခုကဲ့သို့ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ်ဗုံး၊ ဒရုန်းဗုံးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခြင်းမှာ မကြာခဏ ဆိုသလိုပစ်ခတ်နေသောကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ဖားကန့်ပြည်သူများလည်း အများအပြား ရှိနေပြီဖြစ်သည်။
သတင်း - အန်ဒီ










Comments