ဖားကန့်ဒေသစစ်ပွဲကြောင့် နှစ်ရက်အတွင်း (၅)နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦးသေဆုံးကာ၊ (၁၀) ဦးဒဏ်ရာပြင်းထန်စွာရရှိ
- Pajau Media

- Aug 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ဩဂုတ်၊၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ရှရော်ခနှင့်ညောင်ပင်ကုန်းကျေးရွာများတွင် သြဂုတ် (၃)ရက် နေ့ကတည်းက ဖြစ်ပွားခဲ့သော KIA/ KPDF နှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်များကြောင့် ပြည်သူအချို့သေဆုံးကာ၊ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ဩဂုတ် ၄ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မျောက်ဖြူကျေးရွာရှိ လူနေအိမ်၌ကျရောက်ပေါက်ကွဲကာ အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးနှင့် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးကာ၊ ပြည်သူ (၇) ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့ရှိ ရပ်မိရပ်ဖတစ်ဦး၏အဆိုအရ "၃ရက်နေ့ကတည်းက KIA/KPDF တွေ ရှရော်ခနဲ့ ညောင်ပင်ကုန်းကျေးရွာကို ထိုးစစ်ဆင်နေတော့ စကစက စစ်ဖြစ်နေတဲ့နေရာတင်မဟုတ်ပဲ လူနေရပ်ကွက်ထဲထိပါ လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ဒီနေ့ညဆို ကလေးသေးသေးလေးပါသွားပြီ၊ ပြည်သူတွေအတွက်ပြေးစရာနေရာလည်းမရှိတော့ဘူး" ဟုဆိုသည်။
စစ်ကာင်စီ၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် သြဂုတ် လ ၃,၄ (၂)ရက်အတွင်း ဒေသခံပြည်သူ (၅) နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးကာ၊ (၁၀) ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ် ၃ ရက်နေ့က ရှရော်ခကျေးရွာ နတ်စင်ကုန်းတွင် ညနေ (၆) နာရီဝန်းကျင်ခန့် ကျရောက်ပေါက်ကွဲခဲ့သော စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အသက် (၂၁) နှစ်အရွယ် ရခိုင်ကောင်လေးတစ်ဦးသေဆုံးကာ၊ အခြားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထို့အပြင် ထိုနေ့တစ်ရက်တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆန်းကြွယ်ကျေးရွာရှိ ပြည်သူ (၂)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သတင်း - အန်ဒီ
Photo credit to Owner










Comments