top of page

ဖားကန့်ဒေသတွင် ကုန်ဈေးနှုန်းမြင့်မားပြီး ကုန်ပစ္စည်းများပါ ပြတ်တောက်လာ

  • Writer: Pajau Media
    Pajau Media
  • Jul 24
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇူလိုင်၊၂၀၂၅။


ree

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် နှစ်ဖက် လက်နက်ကိုင်များ၏ စစ်ရေးတင်းမာမှုများကြောင့် ကုန်စည်ဝင်ထွက်ရာ လမ်းကြောင်းများပိတ်ကာ ကုန်ပစ္စည်းပြတ်လပ်လာသဖြင့် ဒေသခံပြည်သူများအခက်အခဲ ရင်ဆိုင်​နေရကြောင်း သိရသည်။


အသားငါးဈေးမှာ ၁ပိဿာ ကျပ်၁သိန်းဝန်းကျင်အထိတစ်ဟုန်ထိုးမြင့်တက်လာကာ အခြားသော ဟင်းသီးဟင်းရွက် ဈေးနှုန်းများလည်း ယခင်ကထက် အဆမတန်မြင့်တက်လာသည်ဟု ဆိုသည်။


လုံးခင်းနေဒေသခံတစ်ဦးက "အသား ငါးဈေးတွေက ၁ ပိဿာ ၁ သိန်းဝန်းကျင်လောက်ရှိတယ် ဆိုပေမဲ့ ဝယ်စားဖို့ ဈေးထဲမှာတောင် ရှာမရတော့လို့ ကျွန်တော်တို့တောင် ဒီနားကချောင်းအိုင်တွေထဲက ငါးမျှားပြီးချက်စားကြတာ။ ​ဈေးတွေတော့ ကြက်ဥတစ်လုံး ၁၅၀၀၊ ခရမ်းချဥ်သီးတစ်ပိဿာ ၃၀၀၀၀၊ ငရုတ်သီးတစ်ပိဿာ ၄၀၀၀၀၊ ကွမ်းရွက်တစ်ပိဿာ ၃၀၀,၀၀၀ အဲ့လောက်ထိတက်သွားတာ ဝယ်စားလို့မရဘူး။ အသားငါးတွေ ဈေးထဲမှာတောင် ရှာမရဘူး" ဟု ပါဂျောင်မီဒီယာသို့ပြောသည်။


ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးမှလည်း "ဆန်ဈေးတွေတော့ တက်နေတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာလည်း ကုန်ပစ္စည်းက ပြတ်နေပြီ၊ ဘာထုတ်ရောင်းရမလဲတောင် မသိတော့ဘူး။ မှာတာတော့မှာထားတာပဲ ကားလမ်းတွေက ဟိုဖက်အဖွဲ့ကပိတ်လိုက် ဒီဖက်အဖွဲ့ကပိတ်လိုက်နဲ့၊ ကြားထဲမှာ ဒုက္ခရောက်တာက ကျွန်တော်​တို့ပြည်သူတွေပဲ" ဟု နှစ်ဖက်တိုက်ပွဲများကြောင့် ကားလမ်းများပိတ်ကာ ကုန်ပစ္စည်းများပြတ်လတ်လာကြောင်းပြောသည်။


ဖားကန်မြို့တွင် ကုန်ပစ္စည်းများပြတ်လတ်လာသည်မှာ ၁၀ ရက်ဝန်းကျင်ခန့်ရှိလာပြီး ဒေသခံပြည်သူများသည် တစ်ပူပေါ်တစ်ပူဆင့် ဒေသတွင်းစစ်ရေးကိစ္စများသာမက ဝမ်းရေးကိစ္စများပါပူပင်နေရကာ အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။


သတင်း- အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page