top of page

ဖားကန့်ဒေသတွင် ယနေ့ နေ့လည်ပိုင်းအချိန်အထိ KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • Jun 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ ရက်၊ ဇွန်လ၊ ၂၀၂၅။


ဖားကန့်ဒေသတွင် ယနေ့ဇွန်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်။


ယမန်နေ့ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ကတည်းက ဖားကန့်ဒေသ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းကလေးကြားတွင် စစ်ကောင်စီ၊ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နှင့် KIAပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲပြင်းထန်နေမှုကြောင့် ယင်းဒေသရှိ ပြည်သူအများစုလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ အချို့ကျေးရွာအတွင်း ပိတ်မိနေသူများလည်း ရှိနေသေးသည်ဟု ဆိုသည်။


အလားတူ လုံးခင်းအုပ်စု မှော်စီစာကျေးရွာတွင်လည်း ယနေ့နံနက် ၉ နာရီအချိန်ကတည်းက လက်နက်ကြီး၊ငယ် ပစ်ခတ်သံများ ကြားနေရပြီး၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း နေရာနှင့် အထိအခိုက်ကိုတော့ အတိအကျ မသိရသေးကြောင်း သိရသည်။


စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ဖားကန့်တပ်မကုန်းမှ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီး၊ငယ်များ တလစပ်ပစ်ခတ်ပေးနေခြင်း ဖြစ်သည့်အပြင် ပြည်သူများက မှော်စီစာအပြင် ကုဋေနှင့် သာယာကုန်း စသည့်နေရာများတွင်လည်း စစ်ကြောင်းရှိနေနိုင်သေးသောကြောင့် သွားလာရေးအတွက် ဂရုစိုက်ရအုံးမည်ဟု ဆိုသည်။


လတ်တလော ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် KIAနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေကာ၊ အရပ်သားပြည်သူများ ရုတ်တရက် ပစ်ခတ်ခံရပြီး သေဆုံးမှုလည်း နေ့တိုင်းဖြစ်ပွားနေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page