top of page

ဖားကန့်ဒေသတွင် လက်သည်မပေါ်ပဲ ပစ်ခတ်သတ်ဖြတ်ခံရသူ နေ့စဉ်နီးပါး ဆက်တိုက်ရှိလာ

  • Writer: Pajau Media
    Pajau Media
  • Jul 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇူလိုင်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လက်သည်မပေါ်ဘဲ လမ်းဘေးတွင် သတ်ဖြတ်ခံရသူ နေ့စဉ်နီးပါးရှိလာသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။


ပြီးခဲ့သည့် မေလကုန်ပိုင်းကတည်းက နေ့စဉ်ရက်ဆက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရသလို၊ မည်သူမည်ဝါလက်ချက်ဖြစ်သည်ကို မသိရဘဲ သေဆုံးခဲ့ကြရသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


အသတ်ခံရသူများမှာ လမ်းကြိုလမ်းကြားနေရာများတွင် သေဆုံးလျက်တွေ့ရှိခြင်း၊ ရေမြောင်းအတွင်း သေဆုံးနေခြင်းနှင့် ရေထဲမျောပါလာသည့် အလောင်းများ စသည်ဖြင့် တစ်နေ့ပြီးတစ်နေ့ ပိုမိုများလာကြောင်း သိရသည်။


အများစုမှာ သေနတ်ဖြင့် ပစ်သတ်ခံကြရသည်ကို တွေ့ရပြီး၊ နှိပ်စက်ကာ လျို့ဝှက်သတ်ဖြတ်ခံရသူများလည်း ရှိသည်ဟု ဆိုသည်။ သို့သော် မည်သူ့လက်ချက်၊ မည်သည့်လက်နက်ကိုင်လက်ချက် ဖြစ်သည်ကိုတော့ ရှာဖွေစုံစမ်းနိုင်ခြင်းမရှိကြောင်းပြောသည်။


ယမန်နေ့ ဇူလိုင်လ ၂ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း မရှီကထောင်ရပ်ကွက်တွင် အမည်မသိ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရသည့်ဒဏ်ရာဖြင့် သွေးအိုင်ကာသေဆုံးနေကြောင်း သိရသည်။ ထို့အပြင် ဇူလိုင်လ ၁ရက်နေ့တွင်လည်း လုံးခင်းကျေးရွာ၊ သုသာန်အနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။


ဒေသခံများ ပြောပြချက်အရ ဖားကန့်မြို့နယ်တွင် မေလကုန် ဇွန်လဆန်းကတည်းက ပစ်သတ်ခံရသူ နေ့စဉ်နီးပါး ခပ်စိပ်စိပ် ကြားနေရပြီး၊ တစ်နေ့ထက်တစ်နေ့ သတ်ဖြတ်ခံရသူလည်း များပြားလာကြောင်း သိရသည်။

Myanmar Now သတင်းဖော်ပြချက်အရ ဖားကန့်ဒေသတွင် ဇွန်လ(၁)လတာကာလအတွင်း လက်သည်မပေါ်ဘဲ ပစ်သတ်ခံခဲ့သူ စုစုပေါင်း (၁၁)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ ထိုနည်းတူ Kachin Human Rights Watch (KHRW)မှလည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက် သတ်ဖြတ်မှုကြောင့် ကချင်ပြည်နယ်မှ ပြည်သူ(၁၇)ဦးအထိ သေဆုံးခဲ့ရပြီး၊ ဖားကန့်မြို့နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဒေသဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page