ဖားကန့်ဒေသအတွင်း ဓားပြတိုက်မှု ခပ်စိတ်စိတ်ဖြစ်လာ
- Pajau Media

- Aug 13, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ ဩဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အပြင် တစ်ဖက်မှာလည်း ဒေသခံပြည်သူများ ဓားပြတိုက်ခံရမှု ခပ်စိတ်စိတ်ဖြစ်ပွားလာကြောင်း ဒေသခံတွေက ပြောသည်။
ယမန်နေ့ ဩဂုတ်ည ၈နာရီကျော်ဝန်းကျင်ခန့်က ဖားကန့်-လုံးခင်း သံတံတားနားတွင် ဒေသခံပြည်သူတစ်ဦး မောင်းနှင်လာသော ကားတစ်စီးနှင့်အတူ ကားပေါ်တွင်ပါလာသည့် ငွေသား သိန်း (၈၀) ဓားပြတိုက်ခံလိုက်ရကြောင်း သိရသည်။
ဓားပြတိုက်မှု ကျူးလွန်သည့် လူ(၃)ဦးအဖွဲ့မှာ ဆိုင်ကယ်တစ်စီးထဲတွင် အတူစီးလာသူများဖြစ်ပြီး၊ ကားနားရောက်ချိန် ယာဥ်မောင်းအား သေနတ်ဖြင့်ချိန်၍ ကားပေါ်မှဆွဲချကာ ကားလုယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။
လုံးခင်းဒေသခံတစ်ဦးက "လုံးခင်းဘက်လဲဆိုးမှဆိုး အသိထဲက (၃) ဦးရှိပြီ။ ဓါးပြ တိုက်ခံရတာ။ စကစတွေ ဝင်လာကတည်းက စဖြစ်တာပဲ ဘယ်သူတိုက်လည်းတော့ မပြောဘူးဗျာ။ ပြည်သူတွေတော့ မတိုက်ကြပါနဲ့ဗျာ တစ်ရက်တစ်ရက် ဘယ်ကိုပြေးရမလဲ၊ ဘာစားရမလဲ စဥ်းစားနေရတာနဲ့တင် စိတ်ဓာတ်ကအောက်ဆုံးထိကျနေပြီ။ တိုက်ချင်ရင် မြေစာပုံတွေ မျှောတိုက်ကြပါဗျာ။” ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းခန့်တွင်လည်း မရှီကထောင်ရှိ ဒေသခံတစ်ဦး၏နေအိမ်တွင် သေနတ်ကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဝင်ရောက်ဓားပြတိုက်ကာ ဖုန်း၊ ဆိုင်ကယ်၊ ရွှေနှင့် ပိုက်ဆံများ အကုန်ယူသွားခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသခံပြည်သူများမှာ စစ်ဘေးဒဏ်သာမက၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းအပြင် မိမိ၏လုံခြုံရေးကိုပါ အဖက်ဖက်မှ စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။
သတင်း - အန်ဒီ










Comments