ဖားကန့်ဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေ
- Pajau Media

- Jul 14, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၄ရက်၊ဇူလိုင်လ၊၂၀၂၅။
ကချင်ပြည်နယ်၊ ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသ၌ယခုရက်ပိုင်းအတွင်း လူနေရပ်ကွက်များတွင် မိုင်း/ဗုံးပေါက်ကွဲမှုများနှင့်သေနတ်ပစ်ခတ်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း သိရသည်။
ဇူလိုင်လ ၁၂ရက်နေ့ နံနက် ၁နာရီအချိန်ခန့်တွင် လုံးခင်းရပ်ကွက်(၂)၊ Diamond ဆိုင်အနီး လမ်းဘေး၌မိုင်းတစ်လုံးကွဲခဲ့ပြီး၊ ထိုပေါက်ကွဲမှုကြောင့် အနီးလူနေအိမ်ရှိ ပစ္စည်းဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပေမယ့်၊ လူသေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
“လက်နက်ကြီးကျတာတော့ မဟုတ်ဘူး။ မိုင်းလာထောင်ထားတာလား၊ ဗုံးလာပစ်သွားတာလား တစ်ခုခုပဲ၊ ပေါက်ကွဲတဲ့အိမ်ကသွပ်ကာထားတဲ့ ခြံစည်းရုံံးနဲ့ ဘေးနားက ရေမော်တာ၊ ရေပိုက်တွေပဲ ပျက်စီးတာ။ ဘုရားမလို့ ထိခိုက်တဲ့သူမရှိတာ” ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။
ထိုနေ့တစ်ရက်တည်းတွင် ည၁၁နာရီဝန်းကျင်အချိန်၌လည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး၊ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသောကြောင့် ဖားကန့်မြို့တစ်မြို့လုံး လက်နက်ကြီးသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်ဟု ဆိုသည်။
“ဆိုင်းတောင်ကဆို လက်နက်ကြီးသံတွေ အတိုင်းသားကြားရတယ်။ နှစ်ဆင့်မြည်တာ အကျယ်ကြီးပဲ။ ယူမာဘက်က သူငယ်ချင်းတွေပြောတာတော့ ပေါက်ကွဲတဲ့အရှိန်ကြောင့် အစအနတွေလား မြေကြီးတွေလားတော့ မသိဘူး။ သူတို့အိမ်ခေါင်မိုးပေါ် တောင်ကျတယ်တဲ့။ ပြင်းတာတော့ တော်တော်ကိုပြင်းတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၁၃ရက် ညနေ ၅နာရီဝန်းကျင်အချိန်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲမှုများ (၅)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သောကြောင့် ကချင်လို (Maw Mau Bum)ခေါ် မော်မောင်းကုန်းရှိ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။
ကျောင်းပိတ်ရက်ဖြစ်သောကြောင့် လူထိခိုက်သေဆုံးမှုများ မရှိခဲ့ကြောင်းကို “လေယာဥ်နဲ့ဗုံးကျဲချတာ ၅ ကြိမ် ၆ ကြိမ်လောက်ရှိတယ်။ လောလောဆယ် မော်မောကုန်းက စာသင်ကျောင်းတော့ အမိုးပါပွင့်သွားတယ်။ ကျန်တဲ့အပျက်အစီးတွေနဲ့ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ကလေးတွေ ကျောင်းပိတ်ရက်မို့လို့သာ တော်သေးတယ်။ ကလေးတွေကျောင်းတက်ရက်မှာသာဆိုရင် မတွေးရဲစရာပဲ” နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။
ထို့အပြင် ညနေ (၇) နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မော်ဝမ်းရှိ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဘုရားကျောင်းတွင်းရှိ သင်းအုပ်ဆရာများအပါအဝင် အမှုတော်ဆောင် ဆရာ/ ဆရာမ များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်း ဖားကန့်မြို့သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှစပြီး လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ၊ လူသေဆုံးမှုများနှင့် လူပျောက်ဆုံးမှုများ နေ့စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း - အန်ဒီ










Comments