top of page

ဖားကန့်ဒေသအနီးဝန်းကျင်ရွာများရှိ စစ်ရှောင်များ ထွက်ပြေးခိုလှုံစရာနေရာမရှိရုံသာမက ကု​န်စျေးနှုန်းကြောင့် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 2
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ သြဂုတ်လ၊ ၂၀၂၅။


ree

ကချင်ပြည် ဖားကန့်ဒေသမှာ မေလ နောက်ပိုင်းမှ စတင်ခဲ့သည့် တိုက်ပွဲတွေကြောင့် မြို့အတွင်းက ပြည်သူ​တွေ သာမက အနီးဝန်းကျင်ကျေးရွာများတွင်နေထိုင်သည့် ပြည်သူများပါမကျန် စစ်ဘေးကြုံတွေ့နေရသည့်အပြင်၊ စစ်ကောင်စီ၏ မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုရပ်တန့်သွားကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာပြီးမြို့အတွင်း ကုန်စည် ပြတ်လပ်ကာ ဒေသခံများ တစ်ပူပေါ် တစ်ပူဆင့် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။


ဒီကနေ့မနက်ပိုင်း ၈ နာရီအချိန်က စပြီး ဖားကန့် ရှရောခရွာ အနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာ ကို ဖားကန့်ဗျုဟာကုန်းကနေ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေကြောင်းလည်းသိရသည်။


တိုက်ပွဲများသည် ဖားကန့်အနီးဝန်းကျင် တွင် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏လမ်းပိတ်ဆို့မှုကြောင့် တခြားဒေသသို့ထွက်ပြေးတိမ်းရှောင်ခွင့်မရပဲ ဖားကန့်မြို့ထဲသို့သာထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံများက ဆိုသည်။


ဖားကန့်မြို့ထဲသို့ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးမှ "ဘယ်နေရာမှသွားလို့မရဘူး၊ ဖားကန့်မြို့ထဲပဲပြေးလို့အဆင်ပြေနေတော့ ဖားကန့်မြို့ထဲပဲလာခဲ့ကြတာ။ မြို့ထဲပြေးလာလို့ လုံခြုံတယ်ဆိုတာလည်းမရှိပါဘူး မြို့ထဲမှာလည်း ကြားတဲ့အတိုင်းတစ်ခုပြီးတစ်ခုဖြစ်နေတာဆိုတော့ ဖားကန့်မြို့ထဲမှာကိုမှ ငရဲလိုဖြစ်နေပြီ" ဟုဆိုသည်။


လုံးခင်းမြို့ရှိ အမျိုးအိမ်သို့လာရောက် စစ်​​ရှောင်​ပြည်သူတစ်ဦးမှလည်း "စစ်ကြောင်းထိုးလာပြီတဲ့ဆိုတာနဲ့တန်းထွက်လာကြတာဆိုတော့။ ရွာကသိပ်မဝေးတော့ ဖားကန့်ထိ အခြေအနေနားစွင့်ပြီး သုံးဘိန်းနဲ့ပစ္စည်းတွေအခေါက်ခေါက်သယ်ရတာပေါ့။ သုံးဘီးကလည်း တစ်ခါငှားရင် ၂ သိန်း။ အခုဒီရောက်လာတော့လည်း အတူတူပါပဲ ခနခနလက်နက်ကြီးကျနေတော့ ထပ်ပြေးစရာနေရာလည်းမရှိတော့ပါဘူး" ဟုပြောပြသည်။


ဇွန်လဆန်းမှစတင်ကာ ဖားကန့်အဝင်လမ်းများပိတ်ဆို့လိုက်ခြင်းကြောင့် ဆန်ဈေးနှုန်းဆက်လက် မြင့်တက်လာရာ ၂၄ ပြည်ပါ ဧရာမင်းဆန်တစ်အိတ်လျှင် ၂၈၀,၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၀၀,၀၀၀ အထိ ဖြစ်နေသည်ဟု သိရသည်။


တိုက်ပွဲဖြစ်ပွားနေသည့် အဓိကရွာများမှာ မှော်မောင်းလျံ၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ အမှိုက်ပုံ၊ ရှရော်ခ၊ ​​​​ညောင်ပင်ကုန်း၊ ဆန်းကြွယ် နှင့် မော်တောင်း စသည့် ကျေးရွာများဖြစ်ပြီး ယနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီမှ လေကြောင်းများဖြင့်လည်းရွာများထဲသို့ ဗုံးကျဲတိုက်ခိုက်နေကြောင်းသိရသည်။


သတင်း -အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page