ဖားကန့်ပြည်သူများမှာ စစ်ဘေးအပြင် ရေဘေးကိုပါ ကြုံတွေ့လာရသည်ဟုဆို
- Pajau Media

- Aug 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ သြဂုတ်၊ ၂၀၂၅။
ဖားကန့်ဒေသရှိ ပြည်သူများမှာ ပြင်းထန်သည့် နှစ်ဖက်တိုက်ပွဲများကြောင့် အသက်ဘေးလွှတ်ရာ ပြေးလွှားတိမ်းရှောင်နေရသည့်အပြင် ရေဘေးဒဏ်ကိုပါ ထပ်မံကြုံတွေ့နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ နှစ်ဖက်တပ်ဖွဲ့၏ တိုက်ပွဲသံများ၊ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများအပြင်၊ မရပ်မနားရွာသွန်းသော မိုးများကြောင့် ဒေသခံပြည်သူများမှာတစ်ပူပေါ်တစ်ပူဆင့် အခက်အခဲပေါင်းများစွာကြုံတွေ့နေရသည်ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း မရပ်မနား မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့ရှိ ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်လာကာ ရပ်ကွက်နေပြည်သူများ အခက်အခဲကြုံတွေ့နေရသည့်အပြင် ဥရုချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော ဒေသခံပြည်သူများလည်း တစ်စတစ်စ မြင့်တက်လာသော ဥရုချောင်းရေကြောင့် စိုးရိမ်ပူပန်နေကြရသည်။
ဖားကန့်ဒေသခံတစ်ဦး ပြောပြချက်အရ 'တိုက်ပွဲတွေကြားမှာ ရေကလည်းပြန်ကြီးလာတော့ ဘယ်တစ်ခုကို ပိုစိုးရိမ်ရမယ်မှန်း မသိတော့ဘူး၊ အခုရက်ပိုင်း မိုးအရမ်းများတော့ အရင်နှစ်တွေကလိုရေဘေးပြန်ကြုံရင် အကူအညီတောင်းစရာနေရာလည်းမရှိတော့ဘူး၊ အကူအညီရနိုင်ဖို့လည်း မလွယ်လောက်တော့ဘူး' ဟုပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်မောင်းလယန်ရှိ မော်မောင်းချောင်းလမ်း ရေတိုက်စားခံရ၍ ပျက်စီးသွားသည်သာမက ဖားကန့်မြို့ထဲရှိလမ်းများသည်လည်း မိုးရွာသွန်းမှုကြောင့် ပျက်စီးကုန်ကာ ဖြတ်သန်းသွားလာရ ခက်ခဲနေကြောင်းသိရှိရသည်။
အထူးသဖြင့် တစ်စတစ်စမြင့်တက်လာသော ဥရုချောင်းရေကြောင့် ချောင်းရိုးတစ်လျှောက်တွင် နေထိုင်သော ဒေသခံပြည်သူများမှာ ရေဘေးအန္တရာယ်ကိုပါ စိုးရိမ်ပူပန်နေရသည်။
သတင်း- အန်ဒီ










Comments