top of page

ဖားကန့်မှာ ATOM(Telenor) ဖုန်းလိုင်း ပြန်လည် ရရှိနေသော်လည်း ဆက်သွယ်ရ ခက်ခဲနေသေး

  • Writer: Pajau Media
    Pajau Media
  • Aug 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁၊ ၈၊ ၂၀၂၄



ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်မှ စတင်ကာ မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းမှ မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းများ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးလိုင်းများ မရရှိသည်မှာ တစ်လကျော်ရှိလာပြီ ဖြစ်ပါသည်။


လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသရှိ ရပ်ကွက်အချို့တွင် ATOM(Telenor) ဖုန်းလိုင်း ပြန်လည်ရရှိနေသော်လည်း ဆက်သွယ်ရခက်ခဲနေသေးသည်ဟု ဒေသခံမှ ပါဂျောင်မီဒီယာ သို့ ပြောလာပါသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ဖားကန့်မြို့မှ နမ့်မဖြစ်ရပ်ကွက်၊ ယူမာရပ်ကွက်နှင့် မော်ဝမ်းရပ်ကွက် စသည့်ရပ်ကွက်များဘက်တွင် Telenor (Atom)ဖုန်းဆက်သွယ်ရေးလိုင်းများ ပြန် ပေါ်လာခြင်းဖြစ်ပါသည်။ “ လိုင်းတိုင်တွေက ပေါ်လိုက် ‌ပျောက်လိုက်နဲ့ဗျာ ... ဘယ်လိုပြောမလဲနော့ ဟို ရတယ်ဆိုပေမဲ့လည်း အရမ်းကြီးရတာတော့ မဟုတ်သေးဘူး။ လမ်းဘေး တွေမှာရပ်ပြီး ဆိုင်ကယ်တွေပေါ်မှာ ထိုင်ပြီးဆက်နေကြတာ။ လိုင်းက ပျောက်လိုက်ပေါ်လိုက်နဲ့ တချို့ အသံတောင်မကြားရဘူးတဲ့။”ဒေသခံတစ်ဦးမှ ပြောလာပါသည်။


ဖားကန့်မြို့တွင် Telenor ဖုန်းဆက်သွယ်ရေးလိုင်းပေါ်နေသော်လည်း ဖုန်းခေါ်ဆိုမှုများ ခက်ခဲနေသေးပြီး အခြားတစ်ဖက်မှ ဆက်သွယ်လာမှသာ ဖုန်းလက်ခံပြောဆိုနိုင်ကြောင်း သိရှိရသည်။


ဖားကန့်ဒေသတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် တိုက်ပွဲများကြောင့် လမ်းများ ပိတ်ခံထားရသည့်အပြင် ကုန်စီးဆင်းမှုမရှိသော ကြောင့် ကုန်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေခြင်းဖြစ်သည်။


အင်တာနက်အသုံးပြုလိုသူများအနေနှင့်လည်း Wifi (Star Link၊ IP Star) ရသည့် နေရာများတွင် တစ်နာရီလျှင် ကျပ်သုံးသောင်းခန့်အထိ ပေးဆောင် အသုံးပြုနေရသကဲ့သို့ မြစ်ကြီးနားမြို့ပေါ်တွင်လည်း တစ်နာရီလျှင် ၂သောင်းခွဲကျပ် ကို တိုကင်စနစ်ဖြင့် တန်းစီအသုံးပြုနေရကြောင်း သိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page