top of page

ဖားကန့် မှော်စီစာတွင် လက်နက်ကြီးကျပြီး ဒေသခံ(၆)ဦး ဒဏ်ရာရ၊ အမျိုးသမီးတစ်ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ ဇူလိုင်၊ ၂၀၂၅။



နှစ်ဖက်လက်နက်ကိုင် စစ်ရေးတင်းမာနေသည့် ဖားကန့်မြို့တွင် ယမန်နေ့ည ဇူလိုင် ၃၀ ရက် ည ၈နာရီ ၅၀ မိနစ်ဝန်းကျင် လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံများ ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးသူလည်းရှိကြောင်း သိရသည်။


လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာနေရာမှာ မှော်စီစာကျေးရွာရှိ ဖြူစင်ကုန်းမှော်ရပ်ကွက်တွင်ဖြစ်ပြီး ဒေသခံပြည်သူ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။


မှော်စီစာကျေးရွာနေ ဒေသခံတစ်ဦးက "လူနေရပ်ကွက်ထဲမှာ လက်နက်ကြီးကျတာ အနည်းဆုံး(၆)ယောက်လောက် ထိသွားတယ်။ ထိတဲ့သူအကုန်လုံး ပြည်သူတွေကြီးပဲ။ အမျိုးသမီးတစ်ယောက်က ဆုံးသွားတယ်။ တစ်ယောက်ကတော့ ခြေထောက်မှာပဲထိတော့ ဆေးရုံမလိုက်သွားဘူး။ ကျန်တဲ့သူတွေကိုတော့ အကုန်ဆေးရုံပို့လိုက်ပြီ။ အခြေအနေတော့ မသိရသေးဘူး" ဟု ပြောသည်။


ဒေသခံများမှာ လက်ရှိပြင်းထန်နေသော စစ်ရေးအခြေအနေများကြောင့် သာမက လမ်းများပိတ်ဆို့ ခံထားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမရှိသည့်အပြင် ဖားကန့်မြို့တွင်းတွင်သာ ပိတ်မိနေရသည်ဟုလည်း ဆိုသည်။


ဖားကန့်ဒေသတွင် နှစ်ဖက်စစ်ရေးမှာ တင်းမာနေပြီး၊ စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ် လေယာဉ်ဗုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်နေဆဲဖြစ်သည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page