ဖားကန့်မြို့တွင် လတ်တာ ပြင်းထန်နေသော တိုက်ပွဲများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု နေ့စဥ်ရှိနေ
- Pajau Media

- Jun 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ ဇွန်လ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လတ််တလော ပြင်းထန်နေသော တိုက်ပွဲများကြောင့် လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိကာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု နေ့စဥ်ရှိနေကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းတွင် မှော်စီစာ၊ ဘုရားကုန်းနှင့် သာယာကုန်းအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး မှော်စီစာကျေးရွာရှိ လူနေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားပြည်သူ(၁)ဦးသေဆုံးခဲ့ရပြီး၊ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
လက်နက်ကြီးထိမှန်၍ အသက်သေဆုံးခဲ့ရသူမှာ အသက် (၆၀)ကျော်အရွယ် ဦးလဘန်လပါကွန်ဖန် ဖြစ်ပြီး၊ အမျိုးသမီးဖြစ်သူနှင့် နေအိမ်အတွင်းရှိနေစဥ် လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသမီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး၊ ယခုအချိန်တွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
အလားတူ ဖားကန့်၊ ကုဋေကျေးရွာတွင်လည်း မဇွပ်ယန်တွင် တပ်စွဲထားသော စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကလေးအပါဝင် မိသားစုထဲမှ (၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
လက်ရှိ ဖားကန့်ဒေသ၊ လုံးခင်းအုပ်စု၊ မှော်စီစာ၊ ကုဋေ၊ သာယာကုန်း စသည့်ဒေသများတွင် နှစ်ဖက်စစ်ရေးတင်းမာကာ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။
သတင်း- အန်ဒီ




Comments