top of page

ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်များရှိ ကုမ္ပဏီအချို့၏ လုပ်ငန်းသုံး ယာဥ်များနှင့် ကုမ္ပဏီဝန်းအတွင်းရှိ အဆောက်အဦးများကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေ

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ ဇွန်လ၊ ၂၀၂၅ ။



စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) နှစ်ဖက်လက်နက်ကိုင်များ၏ ဝင်ငွေရဒေသဖြစ်သည့် ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်များရှိ ကုမ္ပဏီအချို့၏ လုပ်ငန်းသုံး ယာဥ်များနှင့် ကုမ္ပဏီဝန်းအတွင်းရှိ အဆောက်အဦးများ ယခုရက်ပိုင်းအတွင်း မကြာခဏဆိုသလို မီးရှို့ဖျက်ဆီးခံနေရသည်။


ဒေသခံတစ်ဦးက “စစ်ကောင်စီက ဖားကန့်-မှော်စီစာဘုရားကုန်းမှာ တပ်စွဲတာ နှစ်ပတ်ဝန်းကျင်ပဲရှိသေးတယ်။ ကုမ္ပဏီဝန်းတွေမှာဝင်ပြီး လူဖမ်းသွားတာ၊ လူရိုက်နက်သွားတာ၊ ကျောက်တူးတဲ့အခါ သုံးတဲ့ယာဥ်တွေ၊ ပြီးတော့ ကုမ္ပဏီဝန်းထဲမှာရှိတဲ့ အဆောက်အဦးတွေပါ လိုက်မီးရှို့ပြီးဖျက်ဆီးတာ” ဟု ပြောသည်။


ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ပြီး ဖားကန့်-မှော်စီစာ ဘုရားကုန်းတွင် စစ်တပ်က ဝင်ရောက်တပ်စွဲလာပြီး လက်နက်ကြီးများ မကြာခန ပစ်ခတ်မှုများရှိနေသလို၊ အချို့ကျောက်မျက်လုပ်ကွက် ကုမ္ပဏီများ၏ ကျောက်တူးရာတွင် အသုံးပြုသော ဘတ်ဖိုးနှင့် မြေသယ်ကား စသည့်ယာဉ်များ မီးရှို့ဖျက်ဆီးခံနေရခြင်း ဖြစ်သည်။


ဇွန်လပထမအပတ်တွင်လည်း ဖားကန့်မြို့နယ် သယံဇာတတူးဖော်ရေး လုပ်ကွက်များတွင် တူးဖော်နေသည့် ကုမ္ပဏီများ၏ ဘတ်ဖိုးကဲ့သို့သော ယာဥ်များသာမက အဆောက်အဦးများကိုပါ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။


ထို့အပြင် ဇွန်လ၁၀ရက်နေ့ ညနေပိုင်းတွင်လည်း မှော်စီစာရှိ ဦးဇော်နိုင်ဌေးကုမ္ပဏီ လုပ်ကွက်ရှိ ကျောက်တူးရာတွင်သုံးသည့် စက်ယန္တယားများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သည်။


စစ်တပ်နှင့်အဆင်မပြေသည့် ကုမ္ပဏီလုပ်ကွက်များရှိ လုပ်ငန်းသုံးယာဥ်များနှင့် အဆောက်အဦးများသာ မီးရှို့ဖျက်ဆီးခံနေရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page