top of page

ဖားကန့်မြို့နယ်၊ကားမိုင်းမြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား (၃၀၀၀)ကျော် ဖြည့်တင်းကာစစ်ရေးလှုပ်ရှားနေ

  • Writer: Pajau Media
    Pajau Media
  • Apr 28
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဧပြီလ၊၂၀၂၅။



ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ ကားမိုင်းမြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား (၃၀၀၀)ကျော် ဖြည့်တင်းကာစစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


“စစ်ကောင်စီဘက်က ပြောတာတော့ စစ်အင်အား (၅၀၀)လောက်သာ ဖြည့်ထားတယ်လို့ ပြောပေမဲ့ တစ်ကယ်ရောက်လာတာ စစ်အင်အား(၃၀၀၀) လောက်တော့ရှိတယ်။ ခုရောက်နေတဲ့ စစ်သားတွေက မြို့ထဲမှာမဟုတ်ဘဲ မြို့ပြင်ဘက်မှာ လှုပ်ရှားနေတာတော့ရှိတယ်” ဟု ကားမိုင်းမြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ကားမိုင်းမြို့တွင် စစ်ကောင်စီက စစ်အင်အား (၅၀၀) ခန့်သာ ဖြည့်ထားကြောင်း ပြောဆိုထားသော်လည်း လက်ရှိလှုပ်ရှားနေသော စစ်အင်အားသည် (၃၀၀၀) ခန့်ရှိနေပြီး၊ ထိုစစ်သားများမှာ မြို့တွင်းနှင့် မြို့ပြင်နေရာများအထိပါ လှုပ်ရှားသွားလာနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။


အဆိုပါစစ်သားများမှာ စစ်ကောင်စီက နေရာအနှံ့မှ စုဆောင်းထားသည့် စစ်သားများဖြစ်နိုင်ကြောင်းနှင့် အချို့စစ်သားများမှာ ကျောင်းနေအရွယ် ကလေးသာသာ ရှိသေးကာ စစ်ဝတ်စုံအပြည့်မပါဘဲ သေနတ်ကိုင်ဆောင် သွားလာနေကြေကြောင်းလည်း အထက်ပါမျက်မြင်က ဆက်ပြောသည်။


“ခုဒီမှာ‌ရောက်နေတဲ့ စစ်သားတွေကို ကြည့်လိုက်ရင် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေ အများကြီးတွေ့ရတယ်။ သူတို့ကိုကြည့်ရတာ စစ်တပ်က မတရားဖမ်းဆီးပြီး ပို့လိုက်တဲ့စစ်သားတွေနဲ့တူတယ်။ စစ်ဝတ်စုံတွေတောင်မပါဘူး။ ဒီတိုင်း သေနတ်တစ်လက်ဘဲကိုင်ပြီး ‌သွားလာနေကြတယ်” ဟု ပြောသည်။


ပြီးခဲ့သည့် ဧပြီလ၂၄ရက်နေ့တွင်လည်း စစ်ကောင်စီမှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ကားမိုင်းမြို့အနီးတွင် KIAနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းမကြီးကိုပါ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။


လက်ရှိ စစ်ကောင်စီတပ်သည် ဗန်းမော်အပါအဝင် ဖားကန့်သွား လမ်းနေရာများကို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး၊ လေယာဉ်ဗုံး၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။


သတင်း-ဖရိန်း



Comments


Pajau Media

Thanks for subscribing!

bottom of page