ဖားကန့်မြို့နယ်၊ကပ်မှော်စွပ်ကျေးရွာတွင် ယမန်နေ့ မေလ(၅)ရက်နေ့က စစ်ကြောင်းထိုးချီတက်လာသည့်စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့
- Pajau Media

- May 6, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၆ရက်၊မေလ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကပ်မှော်စွပ်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီနှင့်KIAတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၅ရက်နေ့ ညနေ၂နာရီ၁၅မိနစ်မှ ၅နာရီ၄၀မိနစ်အချိန်အထိ ကပ်မှော်ဆုတောင်းတောင်အနီးဝန်းကျင်အတွင်း KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှာ လက်ရှိတွင် ဖားကန့်ဒေသသို့ ဦးတည်ကာ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် နေ့စဉ်နေ့တိုင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။
စစ်ကောင်စီတပ်များမှာ ပြီးခဲ့သည့် ဧပြီလ၂၃ရက်နေ့ကတည်းက တနိုင်းလီဒိုလမ်း၊ လဝါးကျေးရွာ၊ ဖားကန့်လမ်းနှင့် အင်းတော်ဒေသတို့တွင် စစ်အင်အားတိုးမြှင့်ကာအရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါထိုးစစ်အပြင် လေကြောင်းဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်လမ်း နန့်ယားမှ ကပ်မှော်အထိ ဖြတ်ကျော်တိုက်ခိုက်လာနိုင်သလို ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖြစ်သည်ဟု ဒေသသတင်းအရင်းအမြစ်များက ပြောသည်။
တစ်ဖက်မှာလည်း ဗန်းမော်ဒေသရှိ နောက်ဆုံးကျန်ရှိနေသည့် ခလရ(၄၇)နှင့် စကစ(၂၁)တပ်စခန်းတို့ KIAမှသိမ်းပိုက်နိုင်ရန် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့်အပြင် စစ်ကောင်စီမှ လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူနေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments