top of page

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 4, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၄ ရက်၊ မတ်လ၊ ၂၀၂၄ ခုနစ်



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ (၉) ဒေသအတွင်းရှိ တာမခန်ကျေးရွာမှ ဒေသခံပြည်သူများ၏ နေအိမ်များအား ယမန်နေ့ (မတ်လ၊ ၃ရက်၊ ၂၀၂၄) နံနက် (၈ နာရီ ၃၀ မိနစ်)ခန့် တွင် တာမခန် (ခလရ-၁၁၉) စစ်ကောင်စီတပ်စခန်းသို့ စစ်ကူလာသောအင်အား (၈၀)ခန့် ရှိသော စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရှိရသည်။


စစ်ကောင်စီတပ်က ရွာထဲတွင် လူအရိပ်အယောင်တွေ့ရင်သေနတ်ဖြင့်ပစ်မယ် ဟူသော သတင်းစကား ရွာအတွင်းပျံ့နှံ့သွားပြီးနောက်ပိုင်းတွင် ရွာသားများ တစ်ရွာလုံးနီးပါးရွာကိုစွန့်၍ ထွက်ပြေးခဲ့ကြသည်ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရွာသားတစ်ဉီးက ပါဂျောင်မီဒီယာသို့ ဤသို့ပြောပြခဲ့သည်။


“ရှေ့ရက်ကစစ်ကောင်စီတပ်က လူရိပ်လူယောင်တွေ့တာနဲ့ပစ်မယ်လို့ပြောတာကြားတော့ ၂၆ရက်နေ့ ကတစ်ရွာလုံးထွက်ပြေးသွားကြပြီး၊ တစ်ချို့သိပ်မကြောက်တတ်တဲ့သူတွေ တစ်အိမ်မှာ တစ်ယောက်လောက်တော့ အိမ်စောင့်ဆိုပြီးနေခဲ့ကြတယ်၊ သူတို့လည်းနောက်နေ့ဆို အကုန်ရွာထဲကပြန်ထွက်ပြေးလာခဲ့ကြတာပဲ။ တာမခန်ရွာကနေ ဟောင်ပါးရွာအထိ အခုလူတွေတောင်မနေကြတော့ဘူး။ ဝှေဆိုင်းဂျာရွာ၊ မော်သစ်၊ မော်ဟောင်း၊ နမ်းခမ်းမော် အကျော် က ရှင်မနရွာ၊ နန့်ပါဟုတ်ရွာ နဲ့ ရွှေတောင်ကျော်ဘက်ကိုအကုန်လုံးထွက်ပြေးခဲ့ကြတယ်။ နေတာကတော့ အမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာအဆင်ပြေသလိုနေကြရတာပေါ့။ တစ်ချို့တောတွေထဲမှာ တဲထိုးပြီးနေတဲ့သူတွေလည်းရှိတယ်။”



လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ထိ ရွာထဲသို့ဝင်ကာ အိမ်တွင်ကျန်ခဲ့သော ပစ္စည်းများယူရန် ရွာတွင်းခေတ္တခန ဝင်ထွက်ခွင့်ပေးထားသော်လည်း၊ မတ်လ ၁ ရက်နေ့မှစ၍ ရွာအတွင်းသို့ အဝင်လက်မခံပဲ အထွက်တစ်ခုသာ ခွင့်ပြုကြောင်း အထက်ပါ ရွာသားမှထပ်မံပြောပြခဲ့သည်။


မီးရှို့ခံရသောရပ်ကွက်များမှာ မိန်းလမ်းမကြီးတစ်လျှောက် ရပ်ကွက်(၁)၊ ရက်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄) တို့ဖြစ်ပြီး၊ ရပ်ကွက် (၅) ရှိ နဝရတ်ကုန်စုံဆိုင်တစ်လျှောက်တွင်လည်း နေရာကွက်ကြား နေအိမ်များ မီးရှို့ခံထားရသည်ဟုသိရသည်။ “ကျွန်မတို့အိမ်က ရပ်ကွက်(၃) မှာဆိုတော့ မီးလောင်တဲ့အထဲပါသွားပြီလို့ကြားတယ်။ ပြောသံကြားတာတော့ မနေ့ကထိ အိမ်ခြေ (၆၀) ကျော်လောက်ပါသွားပြီတဲ့။ ကွင်းပြင်ကြီးတောင်ဖြစ်သွားပြီလို့လည်းပြောနေကြတယ်။” ဟု ထွက်ပြေးတိမ်းရှောင်ခဲ့သူ ရွာသားတစ်ဉီးမှ ပါဂျောင်မီဒီယာထံပြောပြခဲ့သည်။


ယနေ့ မတ်လ (၄)ရက်နေ့ နောက်ဆုံးရ သတင်းအရ ရွာအတွင်းနေအိမ်မီးလောင်မှု အရှိန်များလျော့ကာ မီးငြိမ်းလာသော်လည်း၊ ယနေ့ နံနက် (၉ နာရီ ၅၀ မိနစ်)ခန့် အချိန်တွင် ရွာအတွင်းရှိ တာမခန်ဘုန်းကြီးကျောင်းတစ်ဝိုက် လေကြောင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page