top of page

ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ ဒေသခံများ မိုးသီးကြွေကျမှုကြောင့် အိမ်ပျက်စီးကာ ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ့်မှော်၊ မှော်လကင်ကျေးရွာတွင် ယမန်နေ့ညက လေပြင်းတိုက်ခိုက်ပြီး ကြက်ဥအရွယ်အစားရှိ မိုးသီးကြွေကျမှုကြောင့် အိမ်ခေါင်မိုးသွပ်များ ပျက်စီးကာ၊ အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နမ့်မှော် မှော်လကင်ဒေသခံတစ်ဦးက ပြောသည်။


ယမန်နေ့ မတ်လ၂၆ရက် ည၁၁နာရီအချိန်ခန့်တွင် ရုတ်တစ်ရက် လေပြင်းတိုက်ခိုက်ကာ မိုးသီးကြွေကျလာသဖြင့် နမ့်မှော်ဒေသခံများ၏ အိမ်အများစုမှာ ပျက်စီးသွားသည့်အပြင် မြေစာပုံတွင် ကျောက်ရှာဖွေနေသူ အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။


နမ့်မှော်ဒေသခံတစ်ဦးက “မနေ့ညက မိုးသီးကြောင့် ခုရွာသားတွေ နေစရာ ခက်ခဲသွားတယ်၊ သွပ်ဈေးလည်း အရန်းမြင့်သွားတော့ ဝယ်ယူဖို့ ခက်ခဲသွားတယ်။ ရေမဆေး ရှာဖွေသူတွေလည်း ထိခိုက်ကြရတယ်။ တစ်ချို့ ခက်ခဲတဲ့သူတွေဆိုရင် အိမ်ပြန်ပြင်ဆင်ဖို့ ငွေကြေးခက်ခဲတာတွေ ဖြစ်နေကြတယ်။” ဟု ပြောသည်။


ကြက်ဥအရွယ်အစားခန့်ရှိသည့် မိုးသီးကြွေကျမှုကြောင့် အိမ်ခြေ ၂၀၀နီးပါးရှိသည့် နမ့်မှော်ကျေးရွာတွင် အိမ်ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို အခြား ဆိပ်မူကျေးရွာရှိ အိမ်ခြေများလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။


ဖားကန့်မြို့နယ်သည် နှစ်စဉ် မတ်လမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ခြင်း၊ မိုးသက်လေပြင်း ကျရောက်ပြီး မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်လေ့ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page