top of page

ဖားကန့်မြို့နယ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှု (၁၁)ကြိမ် ပြုလုပ်ခဲ့ကြောင်း Kachin Human Rights Watch-KHRW က ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jun 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဇွန်လ၊၂၀၂၅။


ဇွန်လ၁ရက်နေ့မှ ၈ရက်နေ့အထိ ရှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှု (၁၁)ကြိမ် ပြုလုပ်ခဲ့ကြောင်း Kachin Human Rights Watch-KHRW က ထုတ်ပြန်ထားသည်။


အဆိုပါ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်သည့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လ၈ရက်တာကာလအတွင်း အရပ်သားပြည်သူ(၁၁)ဦး ထပ်မံသေဆုံးခဲ့ရသည်။


အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်ကို အပြည့်အဝပြန်လည်ရရှိရန် မေလမှစတင်ကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး၊ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်စီးခြင်းနှင့် အလုပ်သမားများ၏ နေအိမ်များ၊ စက်ကိရိယာများကို ဖျက်စီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် ဖားကန့်မြို့နယ် နေရာအများစုတွင် စစ်ကြောင်းဆက်လက်ထိုးနေပြီး အများပြည်သူပိုင်နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးခြင်းနှင့် ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း ထပ်မံသိရသည်။


ယနေ့ ဇွန်လ၉ရက်နေ့တွင်လည်း ဖားကန့်၊ဆိုင်းတောင်အထက်ဘက်သို့ ပေါက်ကွဲသံများ ကြားနေရပြီး၊ မီးလောင်နေသည်ဟု ဆိုသည်။


ထို့အပြင် စစ်ကောင်စီတပ်များသည် လက်ရှိ ဖားကန့်ဒေသတွင်သာမက ကချင်ပြည်နယ်ရှိ နေရာအများအပြားတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိနေသောကြောင့် ကချင်ပြည်နယ်တွင် စစ်ရှောင်ဦးရေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေဆဲ ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page