top of page

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • May 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် ယမန့်နေ့ညမှစတင်ပြီး စစ်ကောင်စီတပ်မှအင်အား(၆၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာကာ ယနေ့မနက် ၈နာရီအချိန်မှစ၍ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်၊၊


“မနေ့ညကတည်းက စစ်တပ်အင်အား ၆၀၀ ကျော်လောက်ရှိတယ်။ ဒီမနက် ၈ နာရီလောက်ကစပြီး သေနတ်သံတွေ စကြားနေရပြီ‌။ ဒေသခံတော်တော်များများက မနေ့ညကတည်းက စတင်ထွက်ပြေးတိမ်းရှောင် နေကြပြီ။ တချို့ကျလည်း ရွာအထဲမှာပိတ်မိနေကြတယ်“ ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။


နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသောကြောင့် ဒေသခံအများစုမှာထွက်ပြေးတိမ်း‌ရှောင်နေကြသလို လက်ရှိအချိန်ထိ ရွာအတွင်းပိတ်မိနေသော ဒေသခံများလည်းရှိကြောင်း ပြောသည်။


အမည်မဖော်လိုသူတစ်ဦးက “လုံးခင်း- မှော်စီစာက ပေါ်ဦးဆိုင်ရှေ့မှာ PDFတွေ လမ်းပိတ်ထားတယ်။ မဖြတ်ခိုင်းဘူး။ ဘယ်ဘက်ပြေးရမှန်းတောင်မသိဘူး။ ပြေးမယ့်နေရတောင် မရှိဘူး။ တိုက်ပွဲဖြစ်နေတဲ့ ခွန်ဆာကုန်းဘက်က အကုန်နီးပါးပြေးကြပြီလို့ ပြောတယ်။ ဒီဘက်ကျတော့ မပြေးသေးဘူး” ဟု ပြောပြသည်။


လက်ရှိဖားကန့်မြို့ နေရာ(၃)နေရာတွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများကြောင့် လုံးခင်းရှိ လူနေအိမ်နှင့် တံတားတစ်စင်း ထိခိုက်ပျက်စီးမှုရှိသည့်အပြင် ပြည်သူများအသက် ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း ဆိုသည်။


စစ်ကောင်စီတပ်များသည် ဖားကန့်မြို့နယ်အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် ကားမိုင်း-နမ့်တိန့်လမ်းဖြင့်တစ်ကြောင်း၊ အင်းတော်ကြီး-‌‌ဂွေခလမ်းဖြင့်တစ်ကြောင်းနှင့် ဆယ်ဇင်းလမ်းတစ်ကြောင်း စသဖြင့်စစ်‌ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။


ထို့အပြင် လုံးခင်းကျေးရွာအတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်သားများမှာ အရပ်သားပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်းများလုပ်ဆောင်နေကြောင်းလည်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page