ဖားကန့်- ရှရော်ခ၊ မှော်မောင်းလယာန်နှင့် မှော်မောင်းကုန်းရွာဘက်တွင် စစ်တပ်က လေကြောင်းအပြင် စက်သေနတ်ပစ်ခတ်
- Pajau Media

- Aug 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ သြဂုတ်၊ ၂၀၂၅။

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရှရော်ခ၊ မှော်မောင်းလယာန်နှင့် မှော်မောင်းကုန်းရွာဘက်တွင် ယနေ့ သြဂုတ် ၁၅ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ပြီး စက်သေနတ်များလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
" ၁၂ နာရီလောက်မှာ လေယာဥ်နဲ့လာပြီး ဗုံးကြဲသွားတာ။ ပြီးတော့ ဆက်သေနတ်နဲ့လည်း ပစ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှရော်ခကျေးရွာ၊ အမှိုက်ပုံကျေးရွာနှင့် ယူမာကျေးရွာတို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများထိခိုက် သေဆုံးသူ ရှိခဲ့ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်လ ၁ရက်နေ့တွင် သိမ်းယူခဲ့ပြီးနောက် ဩဂုတ် ၄ရက်တွင် KIAပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင် သိမ်းယူခဲ့သည်။
ဖားကန့်မြို့နယ်တွင် တိုက်ပွဲနေ့စဥ်ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လေကြောင်းမှ ဆက်လက်လာရောက်ဗုံးကြဲ တိုက်ခိုက်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ပိုမိုသတိထားရန်လိုကြောင်း KIA နှင့်တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
စစ်တပ်က ဖားကန့်မြို့နယ်အတွင်း ထိုးစစ်ဆင်နေဆဲသည့်အပြင် လက်ရှိ ဖားကန့်သွား လမ်းပိုင်းဖြစ်သည့် ဖားကန့်-ကားမိုင်းလမ်းတွင်လည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာ ၄ရက်နီးပါး ရှိလာပြီဖြစ်သည်။
သတင်း-ဖရိန်း




Comments