ဖားကန့်-လုံးခင်းရှိ မှော်တစ်ခု မြေစာပြိုကျမှုကြောင့် ရေမဆေးလုပ်သား ၂၀ ခန့် မြေစာထဲပါသွား
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရှိ (၁)သုံးလုံးလုပ်ကွက်ထဲတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီခွဲဝန်းကျင်ခန့် မြေစာပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် ရေမဆေးလုပ်သား ၂၀ ခန့် မြေစာထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
“စစချင်းပြိုကျမှုမှာ ၂၀ ကျော်ပါသွားပေမဲ့ လက်ရှိချိန်ထိတော့ ၁၀ ယောက်ကျော်လောက် ပြန်ရှာလို့ မတွေ့သေးဘူး “ဟု ဒေသခံများကပြောသည်။
လက်ရှိတွင် ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသော်လည်း စက်ယန္တရားနှင့် လူအင်အား မလုံလောက်မှုကြောင့် ကယ်ဆယ်ရေးအခက်အခဲများ ကြုံတွေ့နေရပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်အထိ ရေမဆေးလုပ်သား ၁၀ ယောက်ခန့် ပျောက်ဆုံးနေသေးကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်မြို့ရှိ သိင်္ဂဟလူမှုကူညီရေး၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ဒေသတွင်းရှိ တစ်ခြား လူမှုကူညီရေးအသင်းများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ကျောက်စိမ်းမော်ဒေသဖြစ်သည့် ဖားကန့်ဒေသတွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်အပြင် နှစ်စဉ် မြေစာပုံပြိုကျမှုကြောင့် လုပ်ကွက်နေရာများ ပျက်စီးမှုဖြစ်ကာ ရေမဆေးလုပ်သားများ အသက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
သတင်း-ဖရိန်း










Comments