အင်းတော်ကြီးဒေသ အသက် ၁၈ နှစ်အောက် ကျောင်းသားများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီ SNA ပြည်သူ့စစ်တပ်များက အသက် ၁၈ နှစ်မပြည့်သေးသည့် ကျောင်းသူ/သားများကို စစ်သင်တန်းတက်ရန် ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရှမ်းနီ SNA တပ်များသည် တစ်အိမ်လျှင် တစ်ဦး မဝင်မနေရ စနစ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တပ်သားသစ် စုဆောင်းနေသည့်အပြင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းက ကျောင်းသားကျောင်းသူများကိုပါ စစ်သင်တန်းတက်ရောက်ရန် လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။
“ခုမှစာမေးပွဲဖြေပြီး ကလေးတွေကို သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး စစ်သင်တန်းတက်ဖို့ လက်မှတ်လိုက်ထိုးခိုင်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် ရှမ်းနီ ပြည်သူ့စစ်တပ်များသည် ဖေဖော်ဝါရီလ လဆန်းမှစပြီး အင်တော်ကြီးဒေသ မိုင်းနောင်၊ ဘိုတဲကုန်း အပါအဝင် တစ်ခြားကျေးရွာများတွင် စစ်သားသစ် စုဆောင်းရေးများ လုပ်ဆောင်နေသည်။
လက်ရှိ ကချင်ပြည်နယ် အင်းတော်ကြီးဒေသနှင့် ဗန်းမောက်ဒေသတို့တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် SNA တပ်၏ ကျားဖြူစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments