top of page

ဖားကန့်အတက်လမ်းမှ ဆေးဝါးပစ္စည်းအပါအဝင် အချို့သောကုန်ပစ္စည်းများကို သယ်ယူခွင့်ပိတ်ပင်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • Aug 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ သြဂုတ်၊ ၂၀၂၅။



နှစ်ဖက်စစ်ရေးအခြေအနေကြောင့် ပိတ်​ထားရသော ကားမိုင်း-ဖားကန့်လမ်းနှင့် အင်းတော်ကြီး-ဖားကန့်လမ်းကို ပြီးခဲ့သည့် အပတ်က ​ခရီးသွားနှင့် ကုန်စိမ်းအချို့ကို သယ်ယူခွင့်ပြုထားသော်လည်း အချို့ကုန်ပစ္စည်းများကိုတော့ ယခုထက်ထိ တားမြစ်ပိတ်ပင်ထားဆဲဖြစ်သည်ဟု ဆိုသည်။


ဂိတ်နှင့်နီးစပ်သူတစ်ဦးက 'ခရီးသွားတွေကို ဖြတ်ခိုင်းတယ်၊ ပြီးရင် ကုန်စိမ်းကုန်ခြောက်အချို့ကို သယ်ခွင့်ပေးတယ်၊ ဆေးဝါးပစ္စည်းတွေ၊ ဆန်၊ စားသုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေကိုတော့ မသယ်ခိုင်းဘူး၊ ကားမိုင်းလမ်းဘက်ဆို ၂ လကျော် ၃လလောက်ရှိပြီ၊ ဒီဘက်အင်းတော်ကြီးဘက်ဆို ၁လကျော်လောက်ရှိပြီ' ဟု ပြောသည်။


အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်စားသုံးဆီများသာမက အမျိုးသမီးများအတွက် လိုအပ်သော နေ့စဥ်သုံး လစဥ်သုံးပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများအပါအဝင် စက်သုံးဆီနှင့် ဒီဇယ်များကိုပါ သယ်ယူခွင့်ပိတ်ပင်ထားခြင်း ဖြစ်သည်။


'တစ်ချို့က စားဖို့ဆန်ရှိနေသေးလို့သာ အသံတိတ်နေကြတာ၊ ကျွန်တော်တို့လို လူ​တွေအတွက်က စားစရာမရှိဘူးဆိုရင် တကယ်ဘာမှကို မရှိတော့တာပဲ၊ ဆန်သွားဝယ်တယ် ဆန်ကားတွေမဝင်ဘူးဆိုပြီးဈေးတင်ရောင်း၊ သူတို့လည်းရှိနေတာရောင်းပေးတာဆိုတော့ ရောင်းပေးတာတောင် ကျေးဇူးတင်ရမလိုပဲ၊ မတန်လည်းဝယ်စားရတာပေါ့' ဟု ဖားကန့်တွင် ကျောက်အရောင်းအဝယ်လုပ်နေသူတစ်ဦးမှပြောသည်။


နှစ်ဖက်ပြင်းထန်သောစစ်ရေးကြောင့် မိမိတို့၏ နေ့စဥ်ဘဝလုံခြုံမှုကို စိုးရိမ်ပူပန်နေရသည့် ဖားကန့်မြို့နေဒေသခံမျ်းမှာ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းမြင့်တက်မှု​အပြင် ၊ ကုန်ပစ္စည်း ပြတ်လပ်မှုများကိုပါ ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page