top of page

ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် စာသင်ကျောင်းသစ်ဆောက်လုပ်နေပြီးစာသင်ကြားပေးမည့် ဆရာ/မများနှင့်ကျောင်းသုံးပစ္စည်းများလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • May 12
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်အနီးတွင် ရှိသော ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ကလေးငယ်များ စာသင်ကြားနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်လုပ်နေပြီး ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဆရာ/မ များလည်း လိုအပ်နေကြောင်း ဖုန်ငိုင်ယာန်စစ်ရှောင်များထံမှ သိရသည်။


“ဒီနေ့ကစပြီး ကလေးတွေ ပညာရေးအတွက် ဝါးလုံးတွေနဲ့ စာသင်ကျောင်း ဆောက်နေပြီ။ ကျောင်းဆောင်ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နိုင်ပေမယ့် တစ်ခြား ကျောင်းသုံးပစ္စည်းတွေ၊ ကလေးတွေရဲ့ ဗလာစာအုပ်၊ခဲတံကအစအကုန် အများကြီး လိုအပ်နေတယ်။ ပိုပြီးတော့ အလယ်တန်းသင်ပြပေးမယ့် ဆရာသမား ၄ဦးလောက် လိုအပ်နေတယ်။” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။


စစ်ရှောင်စခန်းအတွင်း ဖွင့်လှစ်သင်ကြားမည့် အလယ်တန်းစာသင်ကျောင်းကို ယနေ့မှစတင်၍ ကိုယ်ထူကိုယ်ထဆောက်လုပ်နေသလို မေလ၂၅ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံမည်ဖြစ်ပြီး ဇွန်လဆန်းပိုင်းကစတင်၍ ကျောင်းစတင်ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။


“မနှစ်တုန်းကလည်း ကျောင်းသားတွေက အားလုံးပေါင်းရင် ၃၀၀ ရောက်ဖို့ ၃ယောက်ပဲ လိုတယ်။ ဆိုတော့ ဒီနှစ်လည်း အဲလောက်တော့မှန်းထားတယ်။ အခုတော့ ကျောင်းသားဦးရေ ဘယ်လောက်ရှိမလဲ မပြောတတ်သေးဘူး” ဟု အထက်ပါဆရာက ဆက်ပြောသည်။


စစ်ရှောင်များမှာ ကျောင်းသား/သူများကို စာသင်ကြားပေးနိုင်မည့် ဆရာ/မများ အဓိကလိုအပ်နေပြီး၊ အခြားလိုအပ်သည့် ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေသေးသောကြောင့် လူမှုအဖွဲ့အစည်းများမှလည်း ကူညီထောက်ပံ့ပေးရန် လိုလားနေကြသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ဆွမ်ပီယာန်၊အင်စီယန်နှင့် ဝဒတ်ကျေးရွာမှ ဒေသခံ တစ်ထောင်ကျော် နေထိုင်ကြပြီး၊ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလ ၁၁ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်လာကြသူများလည်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page