ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် မိုးကာ အမိုးအကာတဲအိမ်များ အသုံးမပြုရန် ညွှန်ကြားလာပြီး၊ အမိုးအကာအတွက် အခက်အခဲဖြစ်နေ
- Pajau Media

- Dec 23, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ဒီဇင်ဘာ၊၂၀၂၅။
ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင်း စစ်ရှောင်များ နေအိမ်အသစ်ဆောက်လုပ်နေထိုင်ရန် အမိုးအကာများ အရေးတကြီးလိုအပ်လာပြီး၊ နေရာထိုင်ခင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများလည်း ခက်ခဲနေကြကြောင်း စစ်ရှောင်များမှ ပြောဆိုလာသည်။
"ဒီနှစ်ကနေတော့ အထောက်အပံ့တွေ ဘက်ကနေလည်း မိုးကာမထုတ်ပေးတော့ဘူးလေ။ ဆိုတော့အိမ်အမိုးအတွက် သွပ်တွေလည်း မသုံးနိုင်ဘူး။ တိမ်းကော(တောထန်း)ရွက်နဲ့ အမိုးလုပ်ဖို့ကျ ပြန်တော့လည်း ပူတာအိုဘက်က မှာယူရတယ်၊ လူကိုယ်တိုင်သွားလို့လည်း မရပြန်ဘူး။ အသိတွေကတစ်ဆင့် မြစ်ကြီးနားအဆင်းကားနဲ့ မှာယူတာ စစ်တပ်ဂိတ်တွေ အများကြီးဖြတ်ရတော့ အရမ်းခက်တယ်ဗျာ" ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းအတွက် ယခုနှစ်တွင် နေရာထိုင်ခင်း၊ အမိုးအကာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲအမျိုးမျိုးကြောင့် အဘက်ဘက်မှ ခက်ခဲလာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။
စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာသည့်နောက် စစ်ရှောင်စခန်းတွင်း ဝေဟင်မှ ထင်ရှားစွာမြင်ရသည့် မိုးကာတဲအိမ်များကို တိမ်းကော(တောထန်း)စသည့် အမိုးများဖြင့် ပြောင်းလဲဆောက်လုပ်ရန် ဆောက်ရွက်လာသောကြောင့်လည်း နေအိမ်အမိုးပြောင်းရန် ခက်ခဲနေကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင်စခန်း တည်ရှိရာ နေရာအနီး အမိုးအတွက် ပစ္စည်းမရနိုင်သဖြင့် ပူတာအိုမြို့နှင့် မြစ်ကြီးနားဘက်မှ ဝယ်ယူကာ သယ်ယူကြရာ လမ်းခရီး အခက်အခဲနှင့် စစ်ဆေးရေးများစွာ ကြားခံတည်ရှိနေသဖြင့် ပိုမိုခက်ခဲနေကြရသည်ဟု စစ်ရှောင်များက ပြောသည်။
လူဦးရေ (၁၀၀၀)ကျော်နေထိုင်သည့် ဖန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် လက်ရှိ ဝါး၊ထရံ၊ မိုးကာအမိုးများဖြင့် ဆောက်လုပ်ထားသည့် နေရာများတွင် မှီခိုနေကြရကြောင်းနှင့် ၂ နှစ်ကျော်လာပြီဖြစ်သော စစ်ရှောင်များမှာ လက်ရှိချိန်ထိ ရံဖန်ရံခါ တောထဲသို့ ရွှေ့ပြောင်းတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။
သတင်း- မလိခူး










Comments