ဖေဖော်ဝါရီလအတွင်း အရပ်သား(၄)ဦး သေဆုံးပြီး၊ ၂၃ဦးခန့် ထိခိုက်
- Pajau Media

- Mar 3
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊မတ်လ၊၂၀၂၆။

ပြင်းထန်သော တိုက်ပွဲများနှင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ ဖားကန့်၊ ဝိုင်းမော်နှင့် မံစိမြို့နယ်များရှိ အရပ်သားနေထိုင်ရာ ဒေသများဆီသို့ တိုက်ရိုက်သက်ရောက်မှု ရှိခဲ့ပြီး၊ ဖေဖော်ဝါရီလအတွင်း အပြစ်မဲ့ကလေးငယ် အပါအဝင် အရပ်သား(၄)ဦး သေဆုံးကာ၊ ပြည်သူ(၂၃)ဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လူနေရပ်ကွက်များ၊ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ စစ်ရှောင်စခန်းများနှင့် အခြေခံပညာ အထက်တန်းကျောင်းများ ကဲ့သို့သော နေရာများနှင့် အရပ်သား အခြေခံအဆောက်အအုံများပါမကျန် တိုက်ခိုက်ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၂ရက်နေ့တွင် ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီ၏ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြို့မရပ်ကွက်နှင့် ငှက်ပျောတော်ရပ်ကွက် အစပ်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး KGကျောင်းဆောင် ထိခိုက်ပျက်စီးကာ အသက်(၁၀)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ထို့အပြင် ဖားကန့် မရှီကထောင့် ရပ်ကွက်တွင်လည်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
၃ရက်နေ့တွင်လည်း လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး သေဆုံးပြီး၊ အရပ်သား(၁၄)ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး၊ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် ဝိုင်းမော်မြို့ အမှတ်၃ရပ်ကွက်ရှိ ဝူယန်စစ်ရှောင်စခန်းတွင် နေထိုင်သော သားအဖ(၃)ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။
၂၁ရက်နေ့က မံစီမြို့နယ် အင်ဘာပါကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား(၃)ဦး ထိမှန်ခဲ့ပြီး၊ ၂၂ရက်နေ့တွင်လည်း ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် အမျိုးသားနှစ်ဦး အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
သတင်း - ထုဆိုင်း




Comments