top of page

ဖမ်းဆီးခံရသည့် ဒေါက်တာခလမ်ဆမ်ဆွန် နေအိမ်သို့ အမြန်ဆုံးပြန်လာနိုင်ရန် မျော်လင့်ကြောင်း KBC ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ မေလ၊၂၀၂၄ခုနှစ်။



စစ်ကောင်စီမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သော်လည်း ယင်း၁၇ရက်နေ့ ည၉:၃၀နာရီဝန်းကျင်အချိန်တွင်ပင် တစ်ဖန်ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ယနေ့အထိ ဖြစ်သောကြောင့် စိုးရိမ်ကာ အမြန်ဆုံး ပြန်လည်ရောက်ရှိလာနိုင်ရန် မျော်လင့်ကြောင်း မေလ၃ရက်နေ့တွင်စာထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်စာထဲတွင် “မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းချခံနေရသော အကျဉ်းသားများကို နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ ပြစ်ဒဏ်၆နှစ် ကျခံခဲ့ရသော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(ကောင်စီ)မှ အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် လွတ်ငြိမ်းချမ်းသာခွင့်၌ ပါဝင်လာခြင်းကြောင့် ဝမ်းသာမဆုံး ဖြစ်ခဲ့ကြရသော်လည်း ၄င်း နှစ်ဆန်းတစ်ရက်နေ့ ည(၉း၃၀)အချိန်ခန့်တွင် သက်ဆိုင်ရာမှ ပြန်လည်ခေါ်ယူထားသည်မှာ ယနေ့အထိတိုင် ဖြစ်သောကြောင့် ဆရာတော်နှင့် မိသားစုဝင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(ကောင်စီ) အသင်းသူ/သားများအားလုံး အထူးစိုးရိမ်ပူပန်လျက် ရှိကြပါသည်။” ဟု ပါရှိထားသည်။


ထို့အပြင် ဆရာတော်မှာ အသက်အရွယ် ရလာသည်နှင့်အမျှ ကျန်းမာရေးအလွန်အားနည်းခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူ ဖြစ်ရာ မိသားစုနေအိမ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေချင်ကြောင်းလည်း ထပ်မံဖော်ပြထားသည်။


ဒေါက်တာခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ကျန်းမာရေးအတွက် ဆေးစစ်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်နေချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရခြင်းဖြစ်ပြီး၊ တရားရုံးမှ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရကာ ပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)နှင့် ထောင်ဒဏ် ၃နှစ် စသည်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်တို့ကို ချမှတ်ခံထားရသူ ဖြစ်သည်။



Comments


Pajau Media

Thanks for subscribing!

bottom of page