ဗန်းမော်တိုက်ပွဲ (၇)လပြည့်လာပြီး၊ စစ်ကောင်စီတပ်မှ ဒရုန်း၊လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်နေဆဲ
- Pajau Media

- Jul 4, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၄ရက်၊ဇူလိုင်လ၊၂၀၂၅။
မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ (၇)လပြည့်ပြီဖြစ်သည့် ဗန်းမော်မြို့တွင် လတ်တလောထိတွေ့တိုက်ပွဲ အနည်းငယ်ငြိမ်သက်နေသော်လည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသည့်အပြင် ဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။
“မြေပြင်ကနေ တိုက်ပွဲဖြစ်တာတော့ မရှိပေမယ့် အခြေအနေကိုကြည့်ရင်း ခေတ်မှီဒရုန်းတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာ၊ စိုးရိမ်ရတယ်။ သူတို့က စစ်အင်အားဖြည့်တင်းနေတဲ့ အခြေအနေလဲ ဖြစ်တယ်။ လက်နက်ကြီးတွေလည်း နှစ်ဖက်စလုံးက ပစ်ခတ်နေဆဲပဲ။ အခုချိန်က ဒရုန်းတိုက်ပွဲလို ဖြစ်နေတယ်။” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဇူလိုင်(၂)ရက်နေ့တွင်လည်း ဗန်းမော်ဒေသဘက်သို့ စစ်ကောင်စီက ဒရုန်းဗုံး(၂၅)ကြိမ် လာရောက်ပစ်ခတ်ခြင်း၊ (၆၀)မမ ဟုယူဆရသည့် လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ကတည်းက စတင်ဖြစ်ပွားလာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဇူလိုင်(၄)ရက်နေ့တွင် (၇)လပြည့်ခဲ့ပြီဖြစ်ပြီး၊ နှစ်ဖက်တပ်ဖွဲ့ အကျအရှုံး အများအပြားရှိခဲ့သည်။
(၇)လတာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှာ လေယာဉ်ကွင်းနှင့် တပ်စခန်းအများစုကို သိမ်းပိုက်ရယူပြီးဖြစ်သလို လက်ရှိမှာတော့ စကခ(၂၁)၊ ခလရ (၄၇)တပ်စခန်းနှင့် တပ်စခန်းငယ် အနည်းစုသာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ဗန်းမော်မကျရှုံးရေးအတွက် အသဲအသန် ခုခံတိုက်ခိုက်နေဆဲဖြစ်သလို လေယာဉ်၊ဒရုန်းဗုံးများဖြင့်လည်း ခုခံတိုက်ခိုက်ကြသည်။
လက်ရှိမှာလည်း စစ်တပ်က ဗန်းမော်ဒေသသို့ ရေလမ်းကြောင်းမှ သင်္ဘောဖြင့်လည်း စစ်အင်အားဖြည့်တင်းနေကြောင်း တွေ့ရသည်ဟု ဆိုသည်။ ထို့အပြင် ဗန်းမော်မြို့ အပါအဝင် ဝိုင်းမော်၊ဖားကန့်ဒေသနှင့် အခြား လက်လွှတ်ခဲ့သည့် ဒေသများကို ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ကြိုးပမ်းနေသည့် အခြေအနေလည်း ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments