ဗန်းမော်တွင် စစ်ကောင်စီ၏ထောက်ပို့ရဟတ်ယာဉ်(၂)စီး ပစ်ချခံရပြီးနောက် မြစ်ကြီးနားမြို့တွင်လုံခြုံရေးတိုးမြှင့်လုပ်ဆောင်လာ
- Pajau Media
- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ။
၂၁ရက်၊မေလ၊၂၀၂၅။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ယနေ့ မေလ(၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ယခင်ဂိတ်မရှိသည့် နေရာများတွင် ဂိတ်ထိုင်နေရာယူကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ ဒီမနက်က စီတာပူတက္ကသိုလ်အနောက်လမ်းမှာ လမ်းပိတ်တဲ့လုံခြုံရေးတန်းနှစ်ခုလောက် တားထားတယ်။ ယောက်ျားလေးတွေဆို ပိုစစ်တယ်။ဆိုင်ကယ် Tool boxတွေ ဖွင့်ခိုင်းပြီး ပါလာတဲ့ အိတ်တွေ အကုန်စစ်တယ်။ ကားတွေဆိုလဲ ရပ်ခိုင်းထားပြီး စစ်တယ်။ စစ်သား ၁၀ ယောက်လောက်က စစ်ဝတ်စုံအပြည့်နဲ့ စစ်ဆေးနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ယနေ့တွင် မြစ်ကြီးနားမြို့မှ စီတာပူတက္ကသိုလ်အနောက်လမ်းအပြင်၊ ရင်ခွဲရုံနှင့် ဂေါက်ကွင်းလမ်းကြား၊ ပြည်သူ့ဆေးရုံကြီးအရှေ့မီးပွိုင့်၊ မူးယစ်ဆေးစွဲရောဂါကုဆေးရုံရှေ့၊ Asia Energy ဆီပန့်ရှေ့၊ အထက(၁)မီးပွိုင့်နှင့် နန်ကျင်၊ ကြာရာပတီးရပ်ကွက် စသည့်နေရာအတော်များများတွင် စစ်ကောင်စီတပ်ဖွဲ့များ နေရာယူကာ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ယမန်နေ့ မေ၂၀ရက်နေ့တွင် ဗန်းမော်ဒေသသို့ထောက်ပို့တက်လာသော စစ်သုံးရဟတ်ယာဉ် သုံးစီးမှ နှစ်စီးကို KIAပူးပေါင်းတပ်ဖွဲ့များ ပစ်ချနိုင်ခဲ့ခြင်းနှင့်ဆက်စပ်ပြီး လုံခြုံရေးတင်းကျပ်ခြင်းဖြစ်နိုင်သည်ဟု မြို့ခံတစ်ချို့ကကောက်ချက်ချကြသည်။
မြစ်ကြီနားဒေသခံများမှာ ယနေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ၊ စစ်ဆေးမေးမြန်းခြင်းများ ပိုမိုလုပ်ဆောင်လာမှုအပြင် နေရာယူတပ်စွဲလာခြင်းကြောင့် လမ်းသွားလမ်းလာပြည်သူများအနေဖြင့် ယခင်ထက်ပိုမို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းသိရသည်။
သတင်း - ပီလမ့်အူ
Comentários